သင်္ကြန်ရုံးပိတ်ရက်တွေလည်း ပြန်ဖွင့်ကြပြီဆိုတော့ ဒီပိတ်ရက်အတွင်း မေ့ထားသမျှအလုပ်တွေ အကုန် တန်းစီပြီး လုပ်ရတော့မှာမို့လို့ စိတ်ပူနေကြပြီလား။ ပိတ်ရက်မှာ အနားယူထားကြတယ်ဆိုတော့ အလုပ်ပြန်စတက်တက်ခြင်းနေ့မှာ ယောက်ယက်တွေခတ်နေမယ်ဆိုရင်တော့ မလွယ်ဘူးနော်။ ဒါကြောင့် ဘယ်လိုမျိုး အလုပ်ကို မြန်မြန်နဲ့ မှန်မှန် ပြီးစီးအောင်လုပ်နိုင်မလဲဆိုတဲ့ နည်းလမ်းကောင်းလေးတွေ မျှဝေပေးသွားပါမယ်။
၁။ အလုပ်တွေ အရမ်းများပြီး ဘယ်ကစလုပ်ရမလဲ မသိရင် တစ်ခုတည်းကိုပဲ အရင်အာရုံစိုက် လုပ်ဆောင်ပေးပါ။
အလုပ် စတက်တက်ခြင်းနေ့မှာ E-mail ကလည်း စစ်ရဦးမယ်၊ ပိတ်ရက်အတွင်း အလုပ်နဲ့ပတ်သက်တဲ့ ဖုန်းခေါ်ထားတာတွေလည်း ပြန်ခေါ်ရဦးမယ် စတဲ့ အသေးအမွှား လုပ်ငန်းဆောင်တာတွေလည်း ရှိနိုင်သလို Project အသစ်တွေ၊ ပိတ်ရက်မတိုင်ခင် မပြီးပြတ်သေးတဲ့ အလုပ်တွေကိုလည်း ပြန်ပြီး တစ်စုတစ်စည်းတည်း လုပ်ရမှာတွေ ရှိနေနိုင်တာဖြစ်တဲ့အတွက် ဘယ်အလုပ်က ကိုယ့်အတွက် အရေးကြီးဆုံးဆိုတာ သတ်မှတ်ပြီး အဲဒီတစ်ခုတည်းကို အာရုံစိုက်ပေးဖို့ပါ။
တကယ်လို့ Computer နဲ့ ဆက်စပ်ပြီး လုပ်ရမယ့်အလုပ်တွေရှိတယ်ဆိုရင် ကိုယ်နဲ့သက်ဆိုင်တဲ့ website ကိုပဲ ဖွင့်ထားပြီး တခြား မလိုအပ်တဲ့ Website တွေကို Time Limitation App တစ်ခုခုနဲ့ကန့်သတ်ထားတာပဲဖြစ်ဖြစ် လုပ်ထားပေးပါ။
Paperwork လုပ်ရတော့မယ်ဆိုရင်လည်း ကိုယ်ရဲ့ဘေးမှာအမြဲရှိနေတဲ့ လက်ကိုင်ဖုန်းလေးကိုတော့ ကိုယ်နဲ့ အဝေးဆုံးကို ဖယ်ထားဖို့လိုပါမယ်နော်။ အာရုံစူးစိုက်မှုမှာ အနှောင့်အယှက်မဖြစ်မှ ကိုယ်လုပ်ရမယ့်အလုပ် တစ်ခုချင်းစီကို ပြီးမြောက်နိုင်မှာဖြစ်ပါတယ်။
၂။ ကိုယ်တစ်ယောက်တည်း ရှိသမျှ အလုပ်အကြွေးအကုန် လုပ်မနေဘဲ လုပ်ဖော်ကိုင်ဖက်တွေကို တဆင့် မျှဝေပြီး လုပ်ဆောင်ပါ။
အလုပ်ကများ ပိတ်ရက်မှာ နားထားတဲ့အရှိန်ကလည်း မသေသေး အဲလိုသာဖြစ်နေမယ်ဆို deadline တွေလည်း ကျော်တော့မှာပေါ့။ ဒါကြောင့် လုပ်ရမယ့်အလုပ်တွေကို သက်ဆိုင်ရာ လက်အောက်ငယ်သားကို တဆင့် တာဝန်အနည်းငယ်စီ ခွဲဝေပေးပြီး လုပ်ဆောင်ခိုင်းလိုက်မယ်ဆိုရင် အချိန်တိုအတွင်းမှာ အလုပ်လည်း ပြီးမြောက်နိုင်သလို စိတ်ဖိစီးမှုကိုလည်း လျော့ချပေးနိုင်မှာဖြစ်ပါတယ်။
ဒီနေရာမှာ တစ်ခု အကြံပေးချင်တာကတော့ အကယ်၍ ကိုယ်ဟာ ကိုယ့်လက်အောက်ငယ်သားကို အလုပ်ခွဲပေးတော့မယ်ဆိုရင် လိုအပ်တဲ့ Requirement မှန်သမျှကိုတော့ သေချာရှင်းပြပေးဖို့ လိုအပ်ပါတယ်။ အလားတူပါပဲ ကိုယ် team member မဟုတ်ဘဲ တခြား team ထဲကသူဆီကနေ အကူအညီ လိုအပ်တယ်ဆိုရင်လည်း team leader ကတဆင့် ခွင့်တောင်းပြီးမှ အကူအညီတောင်းသင့်ပါတယ်။
၃။ တစ်နေ့တာ လုပ်ရမယ့်အလုပ်တွေမှာ သမာရိုးကျနည်းလမ်းကို အမြဲ မသုံးဘဲ ဖြတ်လမ်းနည်းတွေကို အသုံးပြုပါ။
ဖြတ်လမ်းနည်းဆိုလို့ အလုပ်တစ်ခုကို ပြီးပြီးရော ပေါ့ပေါ့ဆဆ လုပ်ခိုင်းတာမျိုးကို ဆိုလိုချင်တာမဟုတ်ပါဘူး။ Shortcut Keys တွေကို အသုံးချပြီး အလုပ်တစ်ခုအတွက် ကြာချိန်ကို လျော့ချစေချင်တဲ့သဘောကို ပြောတာပါ။
ကိုယ်က Computer သုံးရတာ များတဲ့သူဆိုရင် shortcut သုံးတာဖြစ်ဖြစ် E-mail တွေ အမြဲလိုလို ပို့ရတာတွေရှိရင် ပို့နေကျ format ကို ရေးချထားပြီး သိမ်းထားတာဖြစ်ဖြစ် လုပ်မယ်ဆိုရင် တစ်ခုခုလိုတိုင်း အစကနေ ပြန်လုပ်စရာမလိုတော့ဘဲ လွယ်လင့်တကူ မြန်မြန်ဆန်ဆန် လုပ်နိုင်တာပေါ့။
ကိုယ်သုံးနေကျ shortcut key တွေကိုလည်း တခြားသူတွေနဲ့ မျှဝေပေးရင်း သူတို့သုံးနေကျ shortcut key တွေ အသစ်လည်း ရတာပေါ့။
ဒီလောက်ဆိုရင်တော့ ပိတ်ရက်ပြီး ရုံးပြန်ဖွင့်တဲ့အချိန် အနည်းငယ်တော့ စိတ်ဖိစီးမှု လျော့ကျပြီး ကိုယ်လုပ်ရမယ့် လုပ်ငန်းဆောင်တာတွေ ပြီးမြောက်နိုင်ပါစေနော်။
Editor: Eain Chu