အချိန်တွေ ပြောင်းလဲ၊ ခေတ်တွေ ပြောင်းလဲလာပေမယ့် လူတွေရဲ့ အလှအပ မြတ်နိုးမှုနဲ့ တန်ဖိုးထားမှုတွေက ဆက်လက် တည်ရှိနေပါတယ်။ အသက်အရွယ်၊ လူမျိုးစု၊ ယောက်ျား၊ မိန်းမ ဖြစ်ခြင်းနဲ့ မသက်ဆိုင်ပဲ အများစုမှာ တွေ့ရတတ်တာကတော့ ငယ်ရွယ် နုပျိုချင်မှုပါပဲ။ အသားဖြူမှ၊ အရပ်ရှည်မှ၊ ခန္ဓာကိုယ် အချိုးအစား ပြေပြစ်မှ အသားအရေ လှမှ အစက်အပြောက်မရှိမှ လှတယ်ဆိုတဲ့ ခွဲခြားမှုတွေက လူ့အဖွဲ့အစည်းကို အဆိပ်အတောက်ဖြစ်စေတဲ့ သာဓကတွေ အများကြီးနေခဲ့သလို၊ ရှိနေဆဲလည်းဖြစ်ပါတယ်။
လူတွေဟာ ဘာလို့ အသားဖြူချင်တာလဲ။ အရပ်ရှည်ချင်တာလဲ။ အပြင်ပန်းပုံသဏ္ဍာန်တွေကို အာရုံစိုက်နေရတာလဲ။ အဖြေကတော့ ရှင်းပါတယ်။ တစ်စုံတစ်ယောက် သို့မဟုတ် သူတို့ကိုယ်တိုင်ရဲ့ မျက်လုံးထဲမှာ လှပနေဖို့၊ ဆွဲဆောင်မှုရှိနေဖို့ လိုအပ်နေလို့ပါ။ ဒါပေမယ့် သေချာ စဥ်းစားရမှာက လှပခြင်းရဲ့ စံ သတ်မှတ်ချက်ဆိုတာဟာ တစ်ဦးတစ်ယောက်ခြင်းစီနဲ့ပဲ သက်ဆိုင်ပါတယ်။ အလှအပရဲ့ စံနှုန်းတွေဟာ အခြေခံအားဖြင့် လူတွေရဲ့နေထိုင်ရာ ပတ်ဝန်းကျင် ဒေသ၊ ယဥ်ကျေးမှု၊ ဓလေ့ထုံးစံတွေပေါ် အများကြီး မူတည်ပြီး ပြောင်းလဲ နိုင်ပါတယ်။
ယနေ့ခေတ်ရဲ့ အမျိုးသမီး အများစုဟာ ပတ်ဝန်းကျင်ရဲ့ သတ်မှတ်ချက်တွေကို ကြည့်နေကြရပါတယ်။
အပြင်ပန်း အလှအပဟာ အမျိုးသမီးတွေရဲ့ အရေးအကြီးဆုံး ပိုင်ဆိုင်မှုဖြစ်ပြီးတော့ အမျိုးသမီးတိုင်း ရှိထားပြီး ထိန်းသိမ်းထားရမယ့်အရာလို့ ပတ်ဝန်းကျင်က သက်မှတ်ထားကြတယ်။ ဒီနေရာမှာ မေးခွန်းထုတ်စရာကတော့ ဘာလို့ ဒီလို အလှအပ စံနှုန်းတွေ တည်ရှိနေရတာလဲ ဆိုတာပါပဲ။ အဖြေကတော့ ရိုးရှင်းပါတယ်။ တိုးတတ်မြန်ဆန်လွန်းတဲ့ ဒီဂျစ်တယ် ခေတ်ကြီးမှာ မီဒီယာတွေရဲ့ လှည့်စားမှုနဲ့ ကြော်ငြာတွေက ရိုက်ထည့်ထားတဲ့ အတွေးအခေါ်တွေ ကြောင့်ပဲဖြစ်ပါတယ်။ တစ်နည်းပြောရရင် မီဒီယာတွေက ကျွန်တော်တို့ရဲ့ အတွေးအမြင်တွေကို လှည့်စားပြီး သူတို့ တွေးစေချင်တာတွေကို တွေးခိုင်းလိုက်တာပဲ ဖြစ်တယ်။ လူတွေဟာ ကြော်ငြာတွေက တဆင့် ပြီးပြည့်စုံနေတဲ့ အလှတွေကို မြင်တွေ့နေကြပြီး သဘောကျ အားကျကြတယ်။ ဒါပေမယ့် အများစုကတော့ ပြုပြင်ထားတဲ့ သဘာဝမကျတဲ့ လှပမှုတွေပဲ ဖြစ်တယ်ဆိုတာ မသိကြပါဘူး။ ဒါကြောင့် အလှအပ စံနှုန်းတွေဆိုတာ လူ့ပတ်ဝန်းကျင်က သတ်မှတ်ထားတယ်လို့တောင် ပြောလို့ရပါတယ်။
လူအများစုဟာ အမျိုးသမီးတစ်ယောက်ရဲ့ အလှအပကို အပြင်ပန်း ပိုသဏ္ဍာန်ပေါ်ကြည့်ပြီး ဆုံးဖြတ်ကြပါတယ်။ ဒါ့အပြင် social media တွေဖြစ်တဲ့ facebook, instagram စတာတွေမှာ တင်ကြတဲ့ ပုံတွေဟာ ပြီးပြည့်စုံ လု နီးပါး ဖြစ်နေတာတွေကို သဘောကျ အားပေးကြတာနဲ့အမျှ မိမိ ကိုယ်ကိုယ် အားမလို အားမရဖြစ်ပြီး ကိုယ့်ရဲ့ အလှကိုလဲ သံသယဝင်လာကြပါတော့တယ်။ အသားအရောင် ဖြူခြင်းဟာ ညိုခြင်း၊ မည်းခြင်းတွေထက် လှပတယ်ဆိုတဲ့ အတွေးအခေါ် တစ်ခုကို မီဒီယာတွေက ရိုက်သွင်းလိုက်တဲ့အခါ အသားအရောင် ခွဲခြားမှု၊ လူမျိုး ခွဲခြားမှုတွေ ဖြစ်လာပါတော့တယ်။ အသားအရောင်သာမက ခန္ဓာကိုယ် အချိုးအစားတွေမှာလဲ တန်ဖိုးထား သတ်မှတ်ပုံခြင်း မတူပါဘူး။ အလှအပ စံ သတ်မှတ်မှုတွေက ယဥ်ကျေးမှု၊ လူ့အဖွဲ့အစည်းတွေသာမက သမိုင်းတစ်လျှောက် ခေတ်အဆက်ဆက် ပြောင်းလဲလာခဲ့ပါတယ်။ ယနေ့ခေတ်မှာတော့ သွယ်လျတဲ့ ကိုယ်၊ ကျဥ်းမြောင်းတဲ့ ပုခုံး၊ မြင့်မားတဲ့ခါး၊ ပြီးတော့ အချိုးကျတဲ့ မျက်နှာတွေကို လှပခြင်းရဲ့ စံနှုန်း တစ်ခုလို့ ယူဆလာကြပါတယ်။
ဒါဆိုရင် အသားဖြူ၊ အရပ်ရှည်ပြီး ငယ်ရွယ်နေတာနဲ့ လှပနေပြီလို့ တွေးတာလား။ ဒါဆိုရင်တော့ သင့် အတွေးကို ပြင်ဆင်သင့်ပါပြီ။ လူတိုင်းမှာ အပြစ်အနာအဆာ၊ အားနည်းချက်တွေ ရှိကြပါတယ်။ ၁၀၀ ရာခိုင်နှုန်း စင်းလုံးချော ဖြစ်နေဖို့ဆိုတာ လူသားတွေအနေနဲ့ မဖြစ်နိုင်ပါဘူး။ မျက်နှာမှာ ထွက်လာတဲ့ ဝက်ခြံ၊ သွားအနေအထား၊ မျက်နှာက အစက်အပြောက်တွေက သင်ကိုယ်တိုင်ရဲ့ ထူးခြားမှုတွေပဲ ဖြစ်ပါတယ်။ တကယ်တော့ ကိုယ့်ရဲ့ ဖြစ်တည်မှုတွေကို တန်ဖိုးထားပြီး နေတဲ့သူဟာ ကိုယ်တိုင်သာမက ပတ်ဝန်းကျင်က လူတွေရဲ့ တန်ဖိုးထားခြင်းကိုပါ ခံရပါတယ်။
သင်တို့ရဲ့ ခန္ဓာကိုယ်ကနေ စတင်လိုက်ရအောင်။ သင့်ရဲ့ ခန္ဓာကိုယ် အလေးချိန် ဘယ်လောက်ဆိုတာ တွေးမနေပဲ သင့်ကိုယ် သင် ကြိုက်နှစ်သက်ပြီး ကျန်းမာရေး ကောင်းမွန်နေမယ်ဆိုရင် ဘာမှ ပြောင်းလဲစရာမလိုပါဘူး။ သင်တို့ရဲ့ ခန္ဓာကိုယ်အချိုးအစားက ပြီးပြည့်စုံနေတာ မဟုတ်လို့ နှစ်ပေါင်းများစွာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေတာတွေ၊ ပြောင်းလဲဖို့ ကြိုးစားနေတာတွေကို မလုပ်ပါနဲ့တော့။ သင့်ရဲ့ ဝတ်စားဆင်ယင်ပုံကို လိုက်ဖက်ညီအောင် ပြောင်းလဲတာ၊ နေထိုင်သွားလာပုံတွေကို လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲတာတွေနဲ့ သင့်ရဲ့ အလှအပကို ဖော်ထုတ်နိုင်ပါတယ်။ အင်္ကျီအရှည် အပွတွေနဲ့ ဖုံးထားစရာ မလိုပါဘူး။ လူတိုင်း ကိုယ့်ရဲ့ ဘဝမှာ ကိုယ် ရှင်သန်နေကြပြီး ကိုယ်မဟုတ်တဲ့ တခြားသူတစ်ယောက်က သင့်ရဲ့ တင်ပါးက အရမ်းကြီးနေတယ်။ မိန်းကလေးဖြစ်ပြီး ခါးကသွယ်မနေဘူး။ ခြေထောက်တွေက မလှတဲ့အတွက် စကဒ်အတို မဝတ်နဲ့ဆိုတဲ့ စကားတွေကို နားယောင်မနေပါနဲ့။ ဒါဟာ သူတို့တွေရဲ့ အမြင်တွေ ဖြစ်ပြီးတော့ သင်ကိုယ်တိုင်ရဲ့ အတွေးခေါ်၊ ခံယူချက်တွေ မဟုတ်ပါဘူး။ ဘာလို့ အခြားသူရဲ့ စကားကြောင့် ကိုယ့်စိတ်ထိခိုက်ခံရမှာလဲ။
လက်ချောင်းတွေ တုတ်နေတာ၊ နှာခေါင်းပြားတာ၊ မျက်နှာကြီးနေတာ နှဖူးပြောင်တာတွေနဲ့ ပါးစပ်ပြဲတာတွေက သင့်ကို မလှစေတာ မဟုတ်ပါဘူး။ ရယ်တဲ့အခါ သွားပေါ်အောင် ရယ်တာ၊ မျက်ကွင်းညိုနေတာ၊ ဗိုက်ပူတာတွေက အများစုမှာ ရှိတဲ့ အချက်တွေပါပဲ။ ဒီအချက်တွေဟာ သင့်ကိုယ်သင် ပတ်ဝန်းကျင်က လူတွေထက် နိမ့်ကျစေတယ်လို့ တွေးရမဲ့ အချက်တွေ မဟုတ်သလို၊ ပတ်ဝန်းကျင်ရဲ့ စံနှုန်းတွေ အတိုင်း လိုက်လုပ်နိုင်မှ လိုက်လျောညီထွေ ဖြစ်တယ်လို့ တွေးလို့ မရပါဘူး။ သင့်ရဲ့ မူလ ပုံစံကို သဘောမကျတဲ့ သူတွေဟာ သင်နဲ့ မထိုက်တန်ဘူးဆိုတာ သိထားသင့်ပါတယ်။ ပတ်ဝန်းကျင် အမြင်ကို ပြောင်းလဲဖို့အတွက်နဲ့တော့ သင့်ကိုယ်သင် မပြောင်းလဲ သင့်ပါဘူး။ သင့်အတွက် သက်သောင့်သက်သာ ဖြစ်စေမယ့်အရာတိုင်းက သင်နဲ့ လိုက်ဖက်ပြီး လှပနေမှာပါပဲ။
Coco Chanel ရဲ့ စကားအတိုင်း မိန်းကလေးတစ်ယောက်ဟာ သူမ ဘယ်သူလဲ ဆိုတာနဲ့ ဘာကို လိုချင်လဲ ဆိုတာပဲ ဖြစ်သင့်တယ်။
ဆိုလိုရင်းကတော့ အများရဲ့ အတွေးအမြင်တွေကို ဂရုစိုက်မနေပဲ ကိုယ့်အတွက် သင့်တော်တာ ဖြစ်သင့်တာတွေကို လုပ်ကိုင်သွားရင် သင်ဟာ လှပနေမှာ အမှန်ပါပဲ။
သင့်ရဲ့ လှပခြင်းဆိုတာ သင်ကိုယ်တိုင် သတ်မှတ်ရမယ့်အရာပါ။ ကျွန်တော်တို့ကတော့ လှပခြင်းတွေဟာ အပေါ်ယံ အရေပြားက လာတာ မဟုတ်ပဲ အတွင်း စိတ်ဓါတ်က လာတာလို့ပဲ သတ်မှတ်ထားပါတယ်။ သင့်ကို နွေးထွေးစေမှု၊ စိတ်လုံခြုံမှုတွေနဲ့ လွတ်လပ် ပေါ့ပါးစေရင် ဒါဟာ အလှတရားပါပဲ။ အလှအပဆိုတာ စံနှုန်းထားတွေနဲ့ သတ်မှတ်လို့မရတဲ့ ဆန်းကြယ်တဲ့ အရာတစ်ခုပါ။ လူတစ်ဦး တစ်ယောက်ခြင်းရဲ့ ကိုယ်ပိုင် တန်ဖိုးထားခြင်းတွေနဲ့ပဲ သက်ဆိုင်ပါတယ်။
အမျိုးသမီးတိုင်းဟာ လှပပါတယ်။ သင့် ပတ်ဝန်းကျင်က သင့်ကို ဖိအားပေးတာတွေကို မခံပါနဲ့။ အလှပဆုံး ပြုံးပြီး အပွင့်လင်းဆုံး နေထိုင်လိုက်ပါ။ အရေးအကြီးဆုံးက ပျော်ရွှင်ဖို့နဲ့ ကျန်းမာဖို့ပါပဲ။ ပျော်ရွှင်နေပြီး ကျန်းမာနေတာဟာ အလှပဆုံးပါပဲ။