ရန်ကုန် တာမွေမြို့နယ်က ဖိုးစိန်လမ်းဆိုရင် အားလုံးသိကြမှာပါနော်။ ဖိုးစိန်လမ်းနဲ့ပတ်သက်ပြီး ကောလိပ်ဂျင်နေဝင်းရဲ့ ဖိုးစိန်လမ်းည ၁၂ နာရီ ကက်ဆက်ဇာတ်လမ်းတောင် ရှိခဲ့ဖူးသေးတယ်။ ဒါကိုတော့ ငယ်သူတွေဆို သိကြမှာမဟုတ်ပေမယ့် မြန်မာဖတ်စာမှာသင်ခဲ့ရတဲ့ ဇာတ်မင်းသားကြီး ဦးဖိုးစိန် (ဂရိတ်ဦးဖိုးစိန်) ကိုတော့ သိကြမယ်ထင်ပါတယ်။ ရန်ကုန်မြို့က ဖိုးစိန်လမ်းဟာ ဇာတ်မင်းသားကြီး ဦးဖိုးစိန်ရဲ့ အမည်ကို ဂုဏ်ပြုလိုက်တဲ့လမ်းဖြစ်ပြီးတော့ မင်းသားကြီး ဦးဖိုးစိန်နေထိုင်သွားတဲ့ လမ်းလည်းဖြစ်ပါတယ်။
နောက် ခုခေတ်မှာ အိမ်ခန်းတွေ၊ စားသောက်ဆိုင်တွေမှာ အလှဆင်ထားတဲ့အနေနဲ့ ထားတဲ့ ရေနံဆီမီးအိမ်လေးတွေကို သတိထားမိကြမယ်ထင်ပါတယ်။ အဲဒီရေနံဆီမီးအိမ်ကို အောက်လင်းမီးအိမ်လို့တစ်မျိုး အောက်လင်းဓါတ်မီးလို့ တဖုံခေါ်ဝေါ်ခဲ့ကြတာပါ။ အဲဒီ ရေနံဆီထည့်သုံးရတဲ့ အောက်လင်းမီးအိမ်တွေကို ဇာတ်မင်းသားကြီး ဦးဖိုးစိန်က ပထမဆုံး အသုံးပြုခဲ့တာဖြစ်ပြီး ဇာတ်ကပြရာမှာ ရေနံဆီမီးခွက်တွေထွန်းရာကနေ ရေနံဆီသုံးမီးအိမ်တွေကို အသုံးပြုခဲ့တဲ့အတွက် ဇာတ်သဘင်တခေတ်ဆန်းခဲ့တာလို့ ပြောရမှာပါ။
တစ်ခေတ်တစ်ခါက ဇာတ်မင်းသားကြီး ဦးဖိုးစိန် မရှိတော့ပေမယ့် ဖိုးစိန်လမ်းကို လူတွေအသုံးပြုသွားလာနေကြရင်း အမှတ်ရကြရသလို သူအသုံးပြုခဲ့တဲ့ ရေနံဆီမီးအိမ်တွေဟာလည်း လင်းလက်နေဆဲပါပဲလေ။
Editor: Aye Myat Khin