စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ။
စိတ်ဝိညာဉ်ရေးရာခရီးစဉ်ဆိုတာ ဘာလဲ။
လူတယောက်ချင်းစီရဲ့ ကိုယ်ရည်ကိုယ်သွေး တိုးတက်ပြောင်းလဲမှု ဖြစ်စဉ်တခုလို့ ပြောလို့ရတယ်။
စိတ်ဝိညာဉ်ရေးရာကို ဘာကြောင့်လေ့ကျင့်သင့်လဲဆိုရင်
၁။ အာရုံစူးစိုက်မှုကောင်းစေရန်
စိတ်တည်ငြိမ်နေသူဟာ သာမာန်လူထက် အာရုံစူးစိုက်နိုင်စွမ်း အင်မတန်မြင့်ပါတယ်။
အာရုံစူးစိုက်နိုင်ဖို့ အတွက်ဆိုရင် စိတ်တည်ငြိမ်စေတဲ့ အရာတွေကို ပုံမှန်လေ့ကျင့်ဖို့လိုအပ်တယ်။ ဘယ်လိုအရာတွေက ကိုယ့်စိတ်ကို တည်ငြိမ်စေလဲဆိုတာ သိရမယ်။
ကိုယ်တိုင်တန်ဖိုးထားတဲ့ အရာတွေအပေါ် အချိန်ပေးရမယ်။ ကိုယ့်ရဲ့ယုံကြည်မှုတွေအပေါ် အချိန်ပေးရမယ်။ စိတ်တည်ငြိမ်မှုရှိပြီဆိုတာနှင့် ကိုယ့်ဘဝရဲ့ ရည်ရွယ်ချက်ကို သိရှိပြီး ဘာလုပ်ရမယ်ဆိုတာ ပြတ်ပြတ်သားသား နားလည်သိမြင်လာပါလိမ့်မယ်။
ဒါဆိုရင် နေ့စဉ်ဘဝမှာ စိတ်လေးတည်ငြိမ်ပြီး ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေမှာရော၊ လုပ်ငန်းခွင်ကိစ္စတွေမှာပါ အာရုံစူးစိုက်နိုင်မှု စွမ်းအား သိသိသာသာ တိုးတက်လာတာ မြင်တွေ့ရပါလိမ့်မယ်။
၂။ စိတ်ဖိစိးမှုဒဏ် ခံနိုင်စေရန်
ကိုယ့်စိတ်ဖြစ်နေတာကို လိုက်သိနေရမယ်။ ပျော်တဲ့အခါ၊ ဝမ်းနည်းတဲ့အခါ၊ စိတ်လေတဲ့အခါ၊ စိတ်မပါတဲ့အခါ၊ မြူးတူးနေတဲ့အခါ၊ ဒေါသထွက်တဲ့အခါ၊ စိတ်လှုပ်ရှားတဲ့အခါ အစရှိတဲ့ တဒင်္ဂလေးတွေကို ကြည့်တတ်ရမယ်။ သိနေရမယ်။ သတိလက်လွတ်မဖြစ်အောင် ကြိုးစားရမယ်။
နေ့စဉ်ဘဝမှာ ဒီလိုအသိ၊ သတိလေးနဲ့ ဘဝခရီးကို လျှောက်လှမ်းနိုင်ပြီဆိုရင် ဘယ်လောက်ပဲ စိတ်ဖိစီးမှုတွေ ရှိရှိ အဆင်ပြေပြေ အေးအေးဆေးဆေး ဖြတ်ကျော်နိုင်ပါတယ်။ စိတ်ခံစားချက် ဝဲဂယက်ထဲမှာ မနစ်မျောတော့ပဲ စိတ်ချမ်းသာစွာနဲ့ သက်တောင့်သက်သာ နေနိုင်လာပါလိမ့်မယ်။
၃။ အရာရာနှင့် ဆက်နွယ်မှု အားကောင်းလာစေရန်
စိတ်ဝိညာဉ်ရေးရာလမ်းကို လျှောက်လှမ်းပြီဆိုရင် ကိုယ့်အကြောင်းလည်း ကိုယ်ပိုသိလာမယ်။ သူများအကြောင်းလည်း ပိုသိလာမယ်။ တလောကလုံးအကြောင်းပါ ပိုသိလာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် လူတွေအားလုံးရဲ့ အခြေခံ စိတ်နေစိတ်ထားနှင့် အမူအကျင့်တွေအားလုံးက အတူတူပါပဲ။ ကိုယ့်ရဲ့ အတွင်းစိတ်ကို နားလည်ခြင်းဟာ သူများရဲ့ စိတ်ကို နားလည်ခြင်းပါပဲ။ ဒီလို စိတ်ရဲ့ အခြေခံသဘောတရားကို နားလည်သွားပြီဆိုရင် တော်ရုံနဲ့ စိတ်တိုတာ ၊ ဒေါသထွက်တာ မဖြစ်တော့ဘူး။ စိတ်တခုရဲ့ နိယာမတရားပဲလေလို့ အလိုလို နှလုံးသွင်းတတ်လာလိမ့်မယ်။
၄။ ဒူပေနာပေ ခံလာနိုင်စေရန်
စိတ်လေ့ကျင့်ထားတဲ့သူဟာ တော်ရုံမဖြုံတော့ဘူး။ သူ့ရဲ့ စိတ်ဟာ ဆူလွယ်အေးလွယ် မဖြစ်တော့ဘူး။ စိတ်ခံစားချက်တွေရဲ့ အဝေးမှာ နေနိုင်သွားပြီ။ ဘာကိုမှ တကူးတက ခံစားမနေတော့ဘဲ ဘဝမှာ ဘာပဲလာလာ ပြုံးပြုံးလေး နေတတ်သွားပြီ။
စိတ်အတွင်းထဲက ခွန်အားတွေကို ပျိုးထောင်နိုင်လေလေ ၊ လောကဓံရဲ့ ရိုက်ခတ်မှုဒဏ်ကို ခံနိုင်လာလေပဲ ဖြစ်တယ်။ ဒီလိုခံနိုင်ရည်ရှိရုံတင်မကဘဲ လေ့ကျင့်စုဆောင်းထားတဲ့ စိတ်ဝိညာဉ်ခွန်အားအပြည့်နဲ့ လောကကြီးကို ပြန်ပြီးတော့တောင် တိုက်ခိုက်နိုင်ဦးမယ်။
စိတ်ဝိညာဉ်ရေးရာခရီးစဉ်ကို လျှောက်ဖို့ ဘာတွေလိုအပ်လဲ။
“စိတ်တံခါးကို ဖွင့်ထားပြီး သင်ယူချင်စိတ်ပြင်းပြရမယ်”
စိတ်ဝိညာဉ်ရေးရာခရီးစဉ်ကို စတင်နိုင်ဖို့အတွက်ဆို ရင်ဘတ်ကြီးကို ဖွင့်ထားရမယ်။ ကိုယ့်အတွက် အတွေးအမြင်သစ်တွေကို ကြိုဆိုတတ်ရမယ်။ နှလုံးသားနဲ့ ခံစားတတ်ရမယ်။
“ရည်ရွယ်ချက်နှင့် ရည်မှန်းချက်ရှိရမယ်”
စိတ်ဝိညာဉ်ခရီးအတွက် ရှင်းလင်းပြတ်သားတဲ့ ရည်မှန်းချက်ပန်းတိုင် ရှိရမယ်။ ကိုယ်လိုချင်တာ၊ ကိုယ်ဖြစ်ချင်တာ ဘာလဲ။ ကိုယ်သိချင်တာ ၊ လေ့လာချင်တဲ့ အရာတွေကရော ဘာတွေဖြစ်မလဲ။ ဒါတွေကို သေသေချာချာ သိရမယ်။
“ကိုယ့်ကိုယ်ကိုယ် အမှန်အတိုင်း သိမြင်တတ်ရမယ်”
ကိုယ့်ရဲ့ အားနည်းချက်၊ အားသာချက်တွေကို အမှန်အတိုင်း သိမြင်ဖို့ အချိန်ယူပြီး အကဲခတ်လေ့လာရမယ်။
“လေ့ကျင့်မှုအားကောင်းရန် စည်းမျည်းစည်းကမ်းတွေ ထားရှိရမယ်”
စိတ်ဝိညာဉ်ရေးရာမှာ လေ့ကျင့်မှုတွေအများကြီး လုပ်ဖို့လိုအပ်တယ်။ ပုံမှန် အလေ့အကျင့်လေးရှိအောင် ကိုယ့်ရဲ့နေ့တဓူဝဘဝမှာ စည်းမျဉ်းချပြီး စည်းကမ်းလေးတွေ လိုက်နာဆောင်ရွက်ရမယ်။ ဒါမှ အလေ့အထကနေ အလေ့အကျင့် ဖြစ်လာမှာ ဖြစ်တယ်။
“အထောက်အပံ့ကောင်းများ ရှိအောင် ကြိုးစားဖန်တီးရမည်”
ဒီလမ်းခရီးကို နှင်တဲ့အခါ ကိုယ့်နားမှာ လမ်းပြမယ့်သူရှိခြင်းဟာ လိုရာခရီးကို လျှင်လျှင်မြန်မြန်ရောက်စေပါတယ်။ ဒီလို အထောက်အပံ့ကောင်း ရှိမနေရင် ရှာဖွေတက်ရမယ်။ ကိုယ့်ရဲ့ အတွေ့အကြုံတွေကို မျှဝေဖို့ တစုံတယောက်ရှိနေခြင်းဟာလည်း ကံကောင်းခြင်းတခုပါပဲ။
စိတ်ဝိညာဉ်ရေးရာ ခရီးဟာ တယောက်နဲ့တယောက် လျှောက်လှမ်းတာချင်းမတူသလို အသိဉာဏ်အလင်းရတာချင်းလည်း မတူညီနိုင်ပါဘူး။ ကိုယ်နဲ့ အဆင်ပြေပြီး ကျင့်ကြံအားထုတ်ရမယ့် နည်းလမ်းတွေကို သိဖို့ အချိန်ယူပြီး ကြိုးစားရမယ်။ သိပြီဆိုရင် စဉ်ဆက်မပြတ် လေ့ကျင့်လိုက်နာနေရမယ်။ စိတ်ဝိညာဉ်ရေးရာမှာ အဆင့်မြင့်လာလေလေ ကိုယ့်ရဲ့ ဘဝနေထိုင်မှုပုံစံက မြင့်တက်လာလေပဲ။ တချိန်ကျရင် အရင်က ငါနဲ့ အခုငါ လုံးဝမတူတော့ပါလား၊ အခြားနားကြီး ခြားနားသွားခဲ့ပြီ၊ ပြောင်းလဲသွားခဲ့ပြီဆိုတာကို မျက်ဝါးထင်ထင် မြင်တွေ့လာပါလိမ့်မယ်။