၂၀၁၉ ခုနှစ်အတွင်းမှာ မြန်မာမြူးဇစ်လောကထဲမှာ လှုပ်လှုပ်ရွရွဖြစ်စေခဲ့တဲ့ Album တစ်ခုထွက်ရှိခဲ့ပါတယ်။ Sunrise 18 Band တို့ရဲ့ Yangon လို့နာမည်ပေးထားတဲ့ Indie ခွေလေးတစ်ခွေဟာ အသစ်တောင့်တနေကြတဲ့ ဂီတချစ်သူတို့ဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ပဲရောက်ခဲ့ပါတယ်။ Jam It! Records Level ကနေထွက်ရှိလာခဲ့တဲ့ Sunrise 18 တို့ရဲ့ Yangon Album ဟာ တော်တော်လေးအရသာကောင်းမွန်တဲ့ Album တစ်ခုဖြစ်သလို အားပေးမှုများစွာကိုလည်း ရရှိခဲ့ပါတယ်။ ဒီခွေမှာ သီချင်း ၁၂ ပုဒ်ပါဝင်ပြီး Indie အငွေ့အသက်များစွာပြည့်လွှမ်းနေတဲ့ Album လေးတစ်ချပ်ဖြစ်ပါတယ်။ Sunrise 18 တို့ရဲ့ သီချင်းတွေဟာ နူးညံ့မှုနဲ့မြူးကြွခြင်းအရသာလွှမ်းနေပြီး Show တွေမှာဆိုရင်လည်း Sunrise 18 တို့ဟာ ပရိသတ်ကို ပျော်ရွှင်မှုအများကြီးပေးနိုင်တာကိုတွေ့ရပါတယ်။ အခု LUSH ရဲ့ Art & Music ကဏ္ဍမှာ Sunrise 18 ရဲ့ Vocalist တစ်ဦးဖြစ်တဲ့ ကိုသူရိန်နဲ့တွေ့ဆုံပေးထားပါတယ်။
ပထမဆုံးအနေနဲ့ အစ်ကိုတို့ရဲ့ Sunrise 18 အကြောင်းလေးပြောပြပါဦး။
Sunrise 18 က ၂၀၀၉ ခုနှစ်က ကျွန်တော်ဖွဲ့ခဲ့တဲ့ Band ပေါ့။ ကျွန်တော်က ဂစ်တာတီးတယ်။ ၂၀၁၁ မှာ album တစ်ခုထွက်တယ်။ Sunrise 18 ဆိုတဲ့ Band ခွေတော့မဟုတ်ဘူးပေါ့။ သူရိန်နာမည်နဲ့ပဲ။ Band ကတော့ Sunrise 18 ပေါ့။ ကြားထဲမှာကြာသွားပြီးတော့ ၂၀၁၇ လောက်မှာ Underground ထဲရောက်သွားတယ်။ Jam It နဲ့ပေါ့။ ၂၀၁၈ ကျတော့ member တွေအကုန်အပြောင်းအလဲဖြစ်သွားတယ်။ Sunrise 18 ဆိုတဲ့နာမည်လေးကတော့ ဘယ်လိုပြောရမလဲ Recording တွေသွားရင်းနဲ့ ၁၈ ဂဏာန်းတွေချည်းမြင်တာ၊ ကားနံပါတ်တွေ၊ လမ်းတွေ၊ နာရီကြည့်လိုက်ရင်လည်း ဘယ်နှစ်နာရီ ၁၈ မိနစ် အဲလိုပေါ့။ ကျွန်တော်က အဲလို ၉ ဂဏာန်းတွေဘာတွေနဲ့အကျိုးပေးတတ်တယ်။ ဘယ်လိုလဲတော့မသိဘူးဗျာ။ အယူသီးတာတော့မဟုတ်ဘူး။ ဒါပေမယ့် အဲလို အစွဲတစ်ခုခုတော့ရှိနေတာပေါ့။ အစတုန်းကတော့ Sunrise ပေါ့၊ နောက်တော့မှ 18 ကိုပေါင်းထည့်လိုက်တာ။
ကိုသူရိန်အနေဲ့မြူးဇစ်လုပ်လာတာကရော ဘယ်အချိန်လောက်ကတည်းကလဲ။
ကျွန်တော်က တေးရေးဆရာတစ်ယောက်အနေနဲ့စတာပေါ့။ ၂၀၀၇ လောက်မှာ ကျွန်တော်သီချင်းနှစ်ပုဒ်ရေးဖြစ်တယ်။ “မင်းမသိဘူး” ဆိုတဲ့သီချင်းကို နောနော်က ၀ယ်သွားတယ်။ သူ့ရဲ့ “အတိုင်းထက်အလွန်” မှာ ပါသွားတာပေါ့။ အဲဒီကနေ စဖြစ်ခဲ့တယ်လို့ပဲ ပြောရမှာပေါ့။
ကိုသူရိန်ရဲ့ “သက္ကရာဇ်တွေတိုင်း”က ၂၀၁၁ မှာထွက်ခဲ့တယ်နော်။ ၂၀၁၁ နဲ့ ဒီကြားကာလမှာ မြူးဇစ်အပြောင်းအလဲတွေလုပ်ခဲ့တယ်။ အဲဒီကာလကိုပြောပြပါဦး။
မြူးဇစ်ပုံစံချိန်းတာကလေ ချက်ချင်း တစ်နှစ်၊ နှစ်နှစ်နဲ့ချိန်းလို့ရတာမဟုတ်ဘူး။ အဲဒါကြီးကို ချိန်းလိုက်ဖို့အတွက် ကျွန်တော့်မှာ တော်တော်လေးပင်ပန်းတယ်။ ကျွန်တော်သီချင်းတွေပြောင်းနားထောင်ရတယ်။ အရင်တုန်းက အရမ်းကြိုက်ခဲ့တဲ့ Modern Rock တို့၊ Alternative Rock တို့ကနေ ကျွန်တော် အသစ်တွေကိုပြောင်းနားထောင်ခဲ့တယ်။ ကျွန်တော် Indie လုပ်ချင်တယ်ဆိုတော့ ကျွန်တော် Indie ကို ကျွန်တော် ၃ နှစ်လောက်တောက်လျှောက်နားထောင်ခဲ့တယ်။ Indie ကို ကျွန်တော် အသေငြိသွားတာပေါ့။ ပြီးတော့ ကျွန်တော့်ရဲ့ Personal Life နဲ့ကိုက်တယ်။ နေတာထိုင်တာကလည်း လွတ်လွတ်လပ်လပ်နဲ့တစ်သီးပုဂ္ဂလဆန်တယ်။ ပြီးတော့ ကိုယ်နဲ့ ဒီမြူးဇစ်နဲ့ကလည်း လိုက်တယ်လို့ထင်တယ်။ အရမ်းကြီး ဒေါသဖြစ်စရာလည်းမလိုဘူး။ ပေါက်ကွဲစရာလည်းမလိုဘူး။ အချစ်သီချင်းတွေလည်းရတယ်၊ ဘာဆိုဆိုရတယ်။ အယူဝါဒပိုင်းလည်း သိပ်မရှိဘူးပေါ့။ Modern Rock လုပ်မယ်ဆိုရင် Modern Rock မှာလည်း သူ့ Culture တွေရှိတယ်။ နေတာထိုင်တာကအစပေါ့။ ကျွန်တော်လည်းလုပ်ခဲ့တာပဲ။ ဒါပေမယ့် အပြင်ကကိုယ့်ရဲ့ပုံစံနဲ့ကျတော့ လုပ်ရတာ မရိုးသားသလိုခံစားလာရတယ်။ Indie နဲ့ကကျတော့ အပြင်က ကျွန်တော့်ရဲ့ Personal Life နဲ့အရမ်းကိုက်တယ်။ အဲဒါကြောင့် Indie ကို ရွေးဖြစ်သွားတယ်။
Indie နဲ့စပြီးထိတွေ့ဖြစ်ခဲ့ပုံကရော ဘယ်လိုစလဲ ပြောပြပါဦး။
သက္ကရာဇ်တွေတိုင်းထွက်တော့ FM တွေမှာ အင်တာဗျူးတွေလုပ်ရတာပေါ့။ Bagan FM ကိုရောက်တော့ အပြန်မှာ သူငယ်ချင်းတွေက ဒီသီချင်းလေးတွေကိုနားထောင်ကြည့်ပါလားဆိုပြီး CD နဲ့ပေးလိုက်တယ်။ Indie Band တွေတော်တော်လေးများတယ်။ အခုခေတ်မှသာ Indie ဆိုတာက ကျွန်တော်တို့နဲ့ပိုရင်းနီးလာတာ။ အဲဒီ ၂၀၁၁၊ ၂၀၁၂ လောက်တုန်းကဆို နားထောင်ရတာ အဆင်မပြေသေးဘူး။ ခေတ်ကြောင့်လားတော့မသိဘူး။ မော်ဒန်ရော့ခ်တွေနဲ့အရမ်းကွာတာကိုး။ ဘယ်လိုပြောရမလဲမသိဘူး၊ သိပ်ကြိုက်ခဲ့တာမဟုတ်ဘဲ Indie ကို ခဏခဏနားထောင်ချင်နေတယ်။ ၃ နှစ်လောက်ကြာလာတော့ ရေးတဲ့သီချင်းပုံစံတွေကအစ အဲလိုပုံစံတွေဖြစ်လာတယ်။ အဲဒီကနေ စတယ်လို့ပြောရမှာပေါ့။
နောက်မှ နားလည်သွားတော့ ဂစ်တာပိုင်းတွေကို တဖြည်းဖြည်းချင်းလိုက်လေ့လာတယ်။ Indie ကလွတ်လပ်တယ်။ ရိုးရှင်းတယ်။ အဓိကက နားထောင်တဲ့အပိုင်းပဲ။ ကိုယ်နားထောင်တာများသွားတော့ ဒီဟာပဲဖြစ်သွားတာ။ အရမ်းကြီးလုပ်ယူထားစရာမလိုဘူး။ အရမ်းကြီးလုပ်ယူလို့လည်းမရဘူး။ အချိန်တွေပေးပြီးနားထောင်ပြီးမှ သူ့ဟာသူအလိုလိုဖြစ်လာတဲ့ဟာပေါ့။ အတင်းကြီးလုပ်ယူလို့ရတဲ့အထဲမှာ Indie မပါဘူး။ နားထောင်ရတာလည်းလွယ်တယ်။ ဒါပေမယ့် လုပ်မယ်ဆိုရင် အဲဒီ Indie Mood ကိုအပြည့်အ၀ရဖို့အတွက် အချိန်ယူရတယ်။
ကိုသူရိန်လှုပ်ရှားဖြစ်ခဲ့တဲ့ Underground လောကအကြောင်းနည်းနည်းပြောပြပါဦး။
Underground မှာ ကျွန်တော်တို့က အရမ်းမြန်တယ်လို့ပြောလို့ရတယ်။ သိပ်အကြာကြီးမနေခဲ့ဘူး။ ဘာလို့မြန်လဲဆိုတော့ ဒီ Underground ကိုမရောက်ခင်ကတည်းက ကျွန်တော်က အရှေ့မှာ အများကြီးလုပ်ခဲ့တယ်။ သီချင်းလည်းရေးအားလည်းရှိခဲ့တယ်။ Band လုပ်တာကတစ်ပိုင်းသတ်သတ်ပေါ့။ ကျွန်တော်က သီချင်းတွေလည်းရေးပြီးတော့ တခြားသူတွေကလည်းရောင်းတာတွေရှိတယ်။ Underground မှာ တစ်ပွဲနှစ်ပွဲလောက်နဲ့လူသိများသွားတယ်ဗျာ။ ကိုယ့်မှာ Studio လည်းရှိတော့ Guitar ပိုင်းတွေ၊ Effect ပိုင်းတွေကို လေ့လာခဲ့တယ်။ ၀မ်းစာပြည့်တယ်ပဲပြောရမလား၊ တချို့ဟာတွေက တော်တော်များများ နားလည်ပြီးသားဟာတွေဖြစ်တဲ့အတွက်ကြောင့် အဆင်ပြေခဲ့တယ်ထင်တာပဲ။ လူငယ်တွေနဲ့တော့မတူတော့ဘူးပေါ့။ လူငယ်တွေကျတော့ စမ်းတ၀ါးဝါးဖြစ်နေတာတွေလည်းပါတာပေါ့။
Jam It ပွဲတွေမှာလည်း အစ်ကိုတို့ကိုတွေ့ခဲ့ရတယ်နော်။
Yangon Album မထွက်ခင်ကတည်းက Yangon သီချင်းက လွန်ခဲ့တဲ့ ၂၀၁၆ ကတည်းက Single ထွက်ထားခဲ့တယ်။ အဲဒီသီချင်းထွက်တော့ နည်းနည်းလူသိလာတာပေါ့။ အဲဒီသီချင်းကြောင့်ပဲ Jam it ကလှမ်းခေါ်တယ်။ အစ်ကိုတို့ဆိုပေးမလားပေါ့။ ကျွန်တော်တို့လည်း အဲဒီနောက်ပိုင်း Jam it ပွဲတွေမှာဆိုရတယ်။ ပြီးတဲ့အခါ ကျွန်တော်တို့နဲ့ Record လုပ်မယ်၊ လုပ်မလားဆိုတော့ လုပ်ဖြစ်သွားတာပါ။
Yangon Album အတွက် သီချင်းတွေစုခဲ့တဲ့အချိန်မှာ သီချင်းတွေတော်တော်ချန်ထားပစ်ခဲ့တာတွေရှိတယ်လို့သိရတယ်။ အဲဒါတွေကိုရော နောက်ပိုင်း ပြန်သုံးသွားဖို့ရှိလား။
ကြားထဲမှာက Yangon အတွက်ဆိုပြီးလုပ်ထားတာမဟုတ်ပေမယ့် ခွေတစ်ခွေလုပ်မယ်ဆိုပြီး သီချင်းတွေစုနေတာပေါ့။ Jam it နဲ့တွေ့တဲ့အချိန်မှာ သိပ်ပြီး Rock မဆန်တဲ့ Tempo နှေးတဲ့ Mixing ဆွဲပြီးသား အချစ်သီချင်း ၈ ပုဒ်ကို ချန်ထားခဲ့ကြဖို့ဆုံးဖြတ်ခဲ့ကြတယ်။ နောက်ထပ်ချန်ခဲ့ရတဲ့သီချင်းတွေလည်းအများကြီးရှိသေးတယ်။ သီချင်းတွေက ဒီဘက်ခေတ်နဲ့သိပ်မအပ်စပ်ဘူးလို့ခံစားနေရလို့။ အချစ်အကြောင်းတွေဆိုလည်း နည်းနည်းပျော့တယ်။ ကိုယ်ခံရတဲ့ဘက်ကချည်းပဲ ရေးထားတာပိုများတယ်။ ပြီးတော့ Negative နည်းတယ်ဗျာ။ ဒီဘက်ခေတ်မှာကျတော့ အဲလောက် Negative နည်းရင်အဆင်မပြေဘူး။ Negative နည်းနည်းပါမှ Rock ကပိုခံစားလို့ကောင်းတာပေါ့။ နှစ်ခွေစာလောက်လုပ်ထားတာကနေ တစ်ခွေပဲဖြစ်လာတော့ Feedback တော့ နည်းနည်းကောင်းသွားတာပေါ့။ ဒါပေမယ့် ရလာတဲ့ feedback က ကျွန်တော်တို့လုပ်လာတာနဲ့စာရင် နည်းပါသေးတယ်။ ကျွန်တော်တို့ ဒီ Indie နောက်ကိုလိုက်လာခဲ့တာဟာ အရမ်းကြာခဲ့ပြီး အရမ်းလည်းကြိုးစားခဲ့ကြရတယ်။ ဒီကြားထဲမှာ ဖြတ်လမ်းကလိုက်သူလိုက်ဘာညာပေါ့။ အောင်မြင်သွားကြတဲ့သူတွေရှိမယ်။ ဒါပေမယ့် ကျွန်တော်တို့က သူတို့နဲ့လုံးဝမဆိုင်ဘူး။ ကျွန်တော်တို့လည်း ဆက်ပြီး ကြိုးစားရဦးမှာပေါ့။
ဒီခွေထဲမှာ “အိပ်မက် Equation” ကို Rachel Tayza နဲ့တွဲဆိုထားဖြစ်ခဲ့တဲ့အကြောင်းလေးကရော။
ဟုတ်တယ်။ သူကလည်း ဒီလို Music တွေကိုကြိုက်တယ်ပေါ့။ အဲဒီသီချင်းလေးလုပ်ထားတာလေးတော့ကြာပြီ ငါးနှစ်လောက်ရှိပြီ။ ကျွန်တော်နဲ့သူနဲ့က တိုက်ရိုက်ခင်တာမဟုတ်ဘူး။ Peacists အဖွဲ့နဲ့က ခင်တာ။ အစ်ကို သီချင်းတစ်ပုဒ်လုပ်ချင်တာ Duet ၀င်ဆိုပေးမလားဆိုတာနဲ့ သူက၀င်ဆိုပေးတာ။ လွန်ခဲ့တဲ့ ၅ နှစ်လောက်ကဆိုပေမယ့် အဲဒီအချိန်တုန်းကသာ ဒီသီချင်းထွက်မယ်ဆိုရင် အခုလိုအောင်မြင်မှုရမှာမဟုတ်လောက်ဘူး။ သီချင်းက အခုခေတ်နဲ့မှာ Match ဖြစ်သွားတယ်လို့ပြောရမှာပေါ့။ Audience နဲ့ အံဝင်ကွင်ကျဖြစ်မယ့်အချိန်ကိုရောက်သွားမှ သီချင်းတစ်ပုဒ်က တစ်ခုခုဖြစ်တာပေါ့။
အရင်ကလုပ်ခဲ့တဲ့ပုံစံနဲ့ အခု ဒီ Indie ဘက်ကိုပြန်ပြီးပြောင်းလဲလုပ်ရတဲ့အချိန်မှာ အဓိက ကွာခြားသွားတာတွေက ဘာတွေဖြစ်မလဲ။
ပြောရမယ်ဆိုရင် Duration ကြီးက အရမ်းကြာတယ်။ အခုမှသာမြူးဇစ်ကိုစလုပ်ရမယ်ဆိုရင် ကျွန်တော်လုံးဝမလုပ်ဘူး။ စိတ်ဓာတ်ကျတာလား၊ ဘာလားဆိုတာလည်း အသေအချာမပြောတတ်ဘူး။ အဲလောက်နှစ်အကြာကြီးမှာ ဒီလောက်ပဲရတယ်ဆိုတာ ကိုယ့်အတွက် အရမ်းသေးလွန်းတယ်လို့ခံစားရတယ်။ ဒီ့ထက်ပိုလိုချင်တယ်။ အားမရဘူးပေါ့။ အချိန်အတိုင်းအတာကိုကြည့်မယ်ဆိုရင် Business နဲ့ပဲကြည့်ကြည့်၊ ဘယ်လိုရှုထောင့်ကပဲကြည့်ကြည့် ဒါဟာအရမ်းကို ရူးသွပ်မိုက်မဲမှုတစ်ခုပဲပေါ့။
အရင်တုန်းကကျတော့ ဘယ်လိုပြောမလဲ မအောင်မြင်ချင်တဲ့စိတ်တွေကြောင့်ပေါ့။ တီးမယ်၊ ဆိုမယ်၊ ဟို Instrument ၀ယ်မယ်၊ ဒီ Instrument ၀ယ်မယ်ပေါ့။ နောက်ပိုင်းကျ စာတွေဘာတွေဖတ်ပြီးတော့မှ အမြင်တွေလည်းပြောင်းလာတယ်။ အောင်လည်းအောင်မြင်ချင်လာတယ်။ Businessman ကြီးလည်းဖြစ်ချင်လာတယ်။ အဲဒီတော့အရမ်းကြိုးစားခဲ့တယ်။ အရင်တုန်းကတော့ ၀ါသနာပါလို့လုပ်တယ်။ အခုကကျတော့ လုပ်ချင်လို့လုပ်တယ်။ လုပ်သင့်လို့လုပ်တယ်ဖြစ်လာတယ်။ တွန်းအားက ပိုများလာတာပေါ့။ အရင်ကကျတော့ တွန်းအားကမရှိတဲ့အတွက်ကြောင့်မလို့ နှစ်တွေကမကြာသင့်ဘဲကြာသွားတာပေါ့၊ Artist လိုနေခဲ့တဲ့ Life ကအရမ်းကြာသွားတော့ ဒီလောက်ပဲရခဲ့တာပေါ့။ လူငယ်တွေမှာ အဓိကတွန်းအား နှစ်ခုလောက်နဲ့လုပ်မယ်ဆိုရင်တော့ အချိန်တိုတိုအတွင်းမှာပဲ အောင်မြင်မှုရလိမ့်မယ်လို့ထင်တယ်။ ကျွန်တော်တို့ကလည်း ထပ်ပြီးလုပ်ရဦးမှာပဲ။
အစ်ကိုလုပ်နေတဲ့ Analog Dimension ဆိုတာလေး ပြောပြပါဦး။
ကျွန်တော်တို့ ၂၀၁၈ နိုဝင်ဘာ ၁၀ ရက်နေ့မှာ Analog Dimension ဆိုပြီးတော့ Indie Band အများစုနဲ့ ပွဲလေးတစ်ခုလုပ်ဖြစ်သွားတယ်။ Guest Band ကတော့ The Marionette ပါတယ်။ ကျွန်တော်က ကိုယ်တစ်ယောက်တည်းထက် အများနဲ့သိုက်သိုက်ဝန်းဝန်းသွားရတာမျိုးကိုပိုကြိုက်တော့ Analog Dimension ဆိုပြီး ခေါင်းစဉ်တစ်ခုပေးလိုက်ပြီးတော့ ကိုယ်နဲ့အနီးအနားမှာရှိတဲ့ သူငယ်ချင်း Indie Band တွေခေါ်ပြီးတော့ တစ်ပွဲစလုပ်ဖြစ်လိုက်တာပေါ့။ အဲဒီကနေကျွန်တော်တို့ Analog Dimension က တဖြည်းဖြည်း ပိုကြီးလာတယ်ပေါ့။ Indie ပရိသတ်လည်း အခိုင်အမာရလာခဲ့တယ်။ အခုဆို ကျွန်တော်တို့ Volume 3 အထိကိုလုပ်ထားနိုင်ခဲ့ပြီ။ နောက်လည်း လုပ်သွားဖို့ရှိပါတယ်။
အခုလက်ရှိမှာ Underground မှာကြိုးစားနေတဲ့လူငယ်တွေကို Advice တစ်ခုခုပြောပါဆိုရင်။
Underground မှာ လွယ်တာတစ်ခုတော့ရှိတယ်။ သီချင်းကအရမ်းဂေါ်နေမယ်။ သီချင်းကသစ်တယ်။ Revolution ဖြစ်တယ်ဆိုရင် စင်ပေါ်တက်ရဖို့ကလွယ်တယ်။ အခုနောက်ပိုင်းမှာကျတော့ သူတို့ဆီမှာ ဘာတွေ့ရလဲဆိုတော့ ကိုယ်လုပ်ချင်တာ အရမ်းလုပ်တယ်ဗျာ။ မိုက်တာတော့မိုက်တယ်။ ဒါပေမယ့် တကယ့်ပွဲမှာ အများနဲ့တွဲပြီးအလုပ်လုပ်ရမယ်ဆိုရင် ဥပမာ ကျွန်တော်တို့မှာဆိုရင် ပွဲတစ်ခုကို ကျွန်တော်တို့ချည်းပဲမလုပ်နိုင်ဘူးလေ။ တခြား Business Partner တွေပါရတယ်။ သူတို့နဲ့စကားပြောရတဲ့အချိန်တွေမှာ အခက်တွေ့တယ်။ သူတို့မှာ အတီးပိုင်း အဆိုပိုင်း အရေးပိုင်းကို ဒီထက်ပိုပြီး စကေးမြှင့်ဖို့၊ Updates ဖြစ်ဖို့လိုတယ်။ တချို့ Underground က Band တချို့ဆိုရင် Vocal ကို သီးသန့်ပညာရပ်တစ်ခုလို မလေ့လာဘဲဖြစ်သလိုဆိုလိုက်တာမျိုးတွေတွေ့ရတယ်။ အမှန်က Vocal ဆိုတာက ရှေ့ထွက်သမားဖြစ်တဲ့အတွက်ကြောင့် နားထောင်တဲ့သူက ပထမဆုံးအကဲဖြတ်ရင် Vocalist ကိုအရင်အကဲဖြတ်တယ်။ ပြီးမှ ရေးတာ၊ တီးတာ မြူးဇစ်စတိုင်လ်စတာပေါ့။ အဲဒါကြောင့် Vocal ပညာကို အတတ်နိုင်ဆုံးလေ့လာပြီးတော့ သွားစေချင်တယ်။ ဒီအတိုင်း Band စထောင်မယ်၊ ဆိုချင်သလိုဆိုမယ်၊ မြူးဇစ်တစ်ခုပုံပေါ်မယ်ပေါ့။ အဲလိုလုပ်လို့မရဘူးလားဆိုတော့ ရပါတယ် အရင်ခေတ်ကပေါ့။ ဒါပေမယ့် အခုခေတ်မှာကျတော့ ပြိုင်ဆိုင်မှုကများလာတော့ စကေးပိုင်းတွေက အရမ်းသိသာလာတယ်။ နည်းနည်းလေးကွာတာနဲ့ ရေရှည်ကျတော့ ပြတ်ကျန်ခဲ့ရော။ နောက်တစ်ခုက Band ကို Management လုပ်ပေးနိုင်ရမယ်။ အဲလိုမဟုတ်ဘူး၊ ကိုယ်က Artist လိုပဲ အေးအေးဆေးဆေးနေချင်တယ်ဆိုရင် Band Manager ရှိဖို့လိုတယ်။ ကိုယ့်ကိုတွန်းမယ့်သူရှိဖို့လိုတယ်။ ပြီးတော့ စကေးတွေကတော့ ဖြည့်ဖို့လိုတယ်။ ကျွန်တော်တို့လည်း ဒီအသက်အရွယ်ကိုရောက်ပြီ စကေးတွေကဖြည့်နေရတာပဲ။ Underground က မြူးဇစ်အသစ်တွေနဲ့ ဂေါ်တယ်၊ မိုက်တယ်ဆိုတာများတယ်။ ဂေါ်တယ်၊ မိုက်တာနဲ့ Business ဖြစ်ဖို့မလွယ်ဘူး။ ဂေါ်တယ် မိုက်တယ် အိမ်ထဲမှာပဲ သီချင်းလုပ်နေမယ် လုပ်နေလို့ရတယ်။ အကြီးကြီးဖြစ်ချင်ရင်တော့ Audience ရှိဖို့လိုတာပေါ့။ ကျွန်တော်တို့က ဘာနဲ့သွားသွားတိုင်းလဲဆိုတော့ US တို့၊ UK တို့နဲ့သွားသွားတိုင်းတယ်။ သူတို့လိုနေပုံထိုင်ပုံ သူတို့ Life Style Culture တွေအတိုင်းလိုက်နေရင် ကျွန်တော်တို့က တက်စရာနေရာမရှိတော့ဘူး။ သူတို့လိုလဲ ဖြစ်လာမှာမဟုတ်ဘူး။ သူတို့တွေဟာ အရမ်းကြိုးစားခဲ့တယ်၊ အရမ်းတော်ခဲ့တယ်၊ မှန်တယ်။ နေရထိုင်ရ ဘ၀တွေကြမ်းတမ်းခဲ့တယ်၊ နေချင်သလိုနေကြတဲ့ ကမ္ဘာကျော်တွေရှိတယ်။ ဒါပေမယ့် သူတို့ရဲ့ ရေခံမြေခံက US ဖြစ်တယ်၊ UK ဖြစ်တယ်။ ကျွန်တော်တို့ကတော့ သိတဲ့အတိုင်းပဲ။ ကျွန်တော်တို့က သူတို့ထက်ပိုကြိုးစားမှ ဒီနိုင်ငံမှာ နေရာသေးသေးလေးတစ်ခုကိုရမှာ။ ဆိုတော့ Mainstream ထဲကို လာသည်ဖြစ်စေ မလာသည်ဖြစ်စေ အားပေးမှုရမှ ရပ်တည်လို့ရမှာ။ ဘာမှ Income မရှိဘဲ လုပ်ကြည့်ရင်တော့ ဆယ်နှစ်လောက်ဆို လိမ့်ရတော့မှာပဲ။ မြောင်းထဲရောက်မှာပဲ။ Business ဖြစ်ဖို့လိုအပ်တဲ့နေရာတွေရှိတယ်။ အဲဒါကို ရှက်နေရင်တော့ မအောင်မြင်နိုင်ဘူး။ Income မရှိဘဲ အစိုက်ချည်းပဲဆိုရင်တော့ ဘယ်လိုမှရှေ့ဆက်ဖို့အဆင်မပြေဘူး။
Interviewed by Aung Lynn Thit
Photographed by Kyaw Saw Htoo