LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
LIVINGTRAVEL

ရှမ်းရိုးမဆီက တောင်ဇလပ်ပန်းတို့ရဲ့ ရှေ့မြင်နောက်မြင်တောင်

written by Lush Editor December 15, 2023
ရှမ်းရိုးမဆီက တောင်ဇလပ်ပန်းတို့ရဲ့ ရှေ့မြင်နောက်မြင်တောင်

ကျွန်တော်တို့ မြန်မာနိုင်ငံက ခရီးသွားလူငယ်တွေအတွက် ရှမ်းပြည်နယ်ဆိုတာ တောင်တက်ခရီးသွားပိုးလေးတွေ စမွေးမြူရာ နယ်မြေတစ်ခု ဖြစ်လာသည်မှာ နှစ် အနည်းငယ်မျှပင် ရှိနေပြီ ဖြစ်ပါသည်။ ရှမ်းရိုးမ တောင်တန်းကြီးတွေ ဝန်းရံထားတဲ့ ရှမ်းပြည်နယ်က မြို့လေးတွေဟာ ရာသီဥတု သင့်တင့်မျှတမှုကြောင့် ပြည်တွင်း ခရီးသွားပြည်သူတွေရဲ့ စိတ်ဝင်စားမှု မြင့်တက်လာတာနှင့်အမျှ တောင်တက်ခရီးသွား လုပ်ငန်းတွေလည်း တစ်ဖြည်းဖြည်း ဖွံ့ဖြိုးလျက် ရှိလာတာကို တွေ့မြင်ရမှာပါ။

ကျွန်တော်ကိုတော့ ရှမ်းပြည်နယ်တောင်ပိုင်း တစ်ဝိုက်မှာ Trekking လမ်းကြောင်း တော်တော်များများ လျှောက်ဖူးတဲ့ ဘလော့ဂါ တစ်ယောက်အဖြစ် တော်တော်များများက သိကြမှာပါ။ ကျွန်တော်ကတော့ အခုအချိန်အထိ Trekking လမ်းကြောင်း အသစ် ပေါ်ပြီဆိုတာနှင့် သွားလျှောက်စမြဲ … လျှောက်တိုင်းလည်း တစ်ခေါက်နှင့် တစ်ခေါက် မတူတဲ့ အရသာ တစ်မျိုးမျိုးကို ခံစားရစမြဲပါ။ ကျွန်တော် အခု ပြောပြမယ့် ရှေ့မြင်နောက်မြင်တောင်ကိုလည်း ကျွန်တော် ရင်းနှီးနေတာ ကြာပြီ ဖြစ်ပေမယ့် အဖော်မရှိလို့ မတက်ဖြစ်သေးတဲ့တောင် တစ်တောင် အဖြစ် ကျန်နေခဲ့တာပါ။
လေဖောပြီးပြီဆိုတော့ တောင်တက်ခရီးလေး ဆက်ရအောင်

⛰ ရှေ့မြင်နောက်မြင်တောင် ဆိုသည်မှာ

ရှေ့မြင်နောက်မြင်တောင် ဆိုတာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်သည့် ရှမ်းပြည်နယ် တောင်ပိုင်း၊ ရွာငံ မြို့နယ်မှာ တည်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၇၇၅၂ ပေ မှာ ရှိတဲ့ ရှမ်းပြည်နယ် ရဲ့ ဒုတိယ အမြင့်ဆုံး တောင်ဖြစ်သလို ရှမ်းပြည်နယ်တောင်ပိုင်းမှာတော့ အမြင့်ဆုံးတောင်ဖြစ်ပါတယ်။ ဒါ့အပြင် ရှေ့မြင်နောက်မြင်တောင်ဟာ မြေသားတောင် တစ်တောင် လည်း ဖြစ်ပြီး မြန်မာနိုင်ငံ အတွင်းမှာ ရှိတဲ့ မြေသားတောင်များ ထဲမှာတော့ ဒုတိယ အမြင့်ဆုံး မြေသားတောင် အဖြစ် မှတ်တမ်းဝင်ထားတဲ့ တောင်လည်း ဖြစ်ပါတယ်လို့ ကျွန်တော်တို့ လမ်းပြက ဆိုပါတယ်။ မှတ်ချက် – ဒုတိယအမြင့်ဆုံး မြေသားတောင်ဆိုသည်မှာ လမ်းပြရဲ့ ပြောကြားချက် ဖြစ်ပြီး မိမိ အချက်အလက် ရှာဖွေရာမှာတော့ ခိုင်လုံတဲ့ အထောက်အထား မတွေ့ရှိရပါ။

ဒါ့အပြင် ရှေ့မြင်နောက်မြင်တောင်ဟာ ဇန်နဝါရီ လကုန်လောက်ကနေစပြီး မတ်လလောက် အထိ တောင်ဇလပ်ပန်းတို့ ဖူးပွင့်ရာ တောင်ဇလပ်တို့ ပျော်ရာမြေလည်း ဖြစ်ပါသည်။ တောင်ဇလပ်နီ တို့ သာမက တောင်ဇလပ်အဖြူတို့ပါ ငွားငွားစွင့်စွင့် ဖူးပွင့်ရာ တောင်တစ်တောင်လည်း ဖြစ်ပါတယ်။ ရှေ့မြင်နောက်မြင်တောင်ပေါ်ကနေ ကြည့်မယ်ဆ်ုရင် တစ်ဖက်မှာ ရှမ်းရိုးမ တောင်တန်းကြီးကို မြင်တွေ့ရမှာ ဖြစ်သလို တစ်ဖက်မှာတော့ မိတ္ထိလာလွင်ပြင်ကြီးကို တစ်မျှော်တစ်ခေါ် တွေ့မြင်ရတဲ့ အရှေ့ရော အနောက်ရော မြင်ရတဲ့ တောင်တစ်လုံး ဖြစ်ပါတယ်။ ဓနုတွေရဲ့ အခေါ်အဝေါ်ကတော့ ရှေ့မျှော်နောက်မျှော်တောင်ပါတဲ့။

⛰ ရှေ့မြင်နောက်မြင်တောင် ပေါ်သို့ သွားမယ် ဆိုရင်

ရှေ့မြင်နောက်မြင်တောင် ဆိုတာ ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ ရွာငံ မြို့မှာ ရှိတော့ ရွာငံကနေ သွားကြတဲ့ သူတွေ ရှိပေမယ့် ကျွန်တော်တို့ကတော့ ပင်းတယမြို့ ဘက်ကနေ သွားခဲ့တာပါ။ ရွာငံဘက်ကနေ သွားရတဲ့ လမ်းကြောင်းကိုတော့ ကျွန်တော်လည်း မသွားဖူးလို့ မသိတာမို့ ပင်းတယဘက်ကနေ သွားလို့ရတဲ့ လမ်းကြောင်းကိုဘဲ ဒီပို့စ်မှာတော့ အဓိက ပြောပေးသွားပါ့မယ်။

ကျွန်တော်ကတော့ ရှေ့မြင်နောက်မြင်တောင်ပေါ်သို့ သွားမယ်ဆိုရင် ဒေသခံ လမ်းပြတွေကို အရင်ငှားဖို့ဘဲ ပြောချင်ပါတယ်။ တောင်မြောက်မြားစွာတက်ခဲ့ဖူးတဲ့ သူတွေတောင် တောင်တက်တဲ့အခါ နယ်မြေ မကျွမ်းကျင်မှုကြောင့် လမ်းပျောက်တာတွေ ဖြစ်တတ်တာမို့ ကိုယ် ပထမဦးစွာ လုပ်ရမယ့် အရာကတော့ ဒေသခံလမ်းပြကို စုံစမ်းခြင်းပါ။ ကျွန်တော်တို့ကတော့ ဒေသခံလမ်းပြတစ်ဦးဖြစ်တဲ့ ဦးဖေသင်း (ဖုန်း – ၀၉၂၆၂၁၄၆၇၆၆) နှင့် အဖွဲ့ကို လမ်းပြအဖြစ် ငှားခဲ့တာပါ။ တောင်ပေါ်မှာ ထမင်းချက်တာတွေပါ ကြိုမှာထားလို့ ရတာမို့ သွားဖို့ စီစဉ်မယ်ဆို ကြိုတင်ဖုန်းဆက်ထားဖို့ မမေ့ပါနှင့်နော်။

ဒါနှင့် ပင်းတယကလေ ရန်ကုန်ကနေဆို တိုက်ရိုက်ကား မရှိဘူးရယ်။ ဒါပေမယ့် ရန်ကုန်-ရပ်စောက်ကားတော့ စီးလို့ရတယ် ပြောပြန်ရော။ ကိုယ်တွေကတော့ ပင်းတယသွားမယ်ဆိုရင် ပုံမှန်ကတော့ ကလောကနေ ဆိုင်ကယ် (သို့) ကားနှင့် သွားလိုက်တာဘဲ။ ဪ … ရန်ကုန် – တောင်ကြီး အဝေးပြေးစီးဖြစ်ရင်တော့ အောင်ပန်းမှာ ဆင်းပြီး ပင်းတယ ဘက်သွားတဲ့ ကားတွေ ငှားစီးလို့ ရပါတယ်။

⛰ ရှေ့မြင်နောက်မြင်တောင်ခြေ ဆီသို့

ကျွန်တော်တို့ တောင်စတက်မယ့်နေ့မှာတော့ မနက်စောစော ၅ နာရီလောက်မှာ အဆင်သင့်ပြင်ပြီး ဒေသခံလမ်းပြတွေ လာခေါ်မယ့် အချိန်ကို မနက်စာ စားရင်းစောင့်ရပါတယ်။ ကိုယ် ဘာတွေယူမှာလဲ ဆိုတာ ရယ် တောင်တက်မယ့်နေ့ရယ် တောင်ပေါ်က ပြန်ဆင်းမယ့် နေ့အတွက်ရယ် နှစ်ရက်စာ လိုအပ်တာတွေ လည်း အဆင်သင့် လုပ်ထားရပါတယ်။ ဒေသခံ လမ်းပြတွေ လာတော့ ကျွန်တော်တို့ ပင်းတယ ကနေ ရှေ့မြင်နောက်မြင်တောင်ကို တက်မယ့် တောင်ခြေက ရွာလေးကို အရင်သွားရပါတယ်။ တောင်ခြေရွာလေးက ပင်းတယမြို့ကန သွားမယ်ဆို (၁) နာရီလောက် ကားနှင့် သွားရပြီး ရွာနာမည်ကတော့ မဲနယ်တောင်ခြေက ထန်းကုန်းစု ပါတဲ့။ ဒါနှင့် အဲဒီ မဲနယ်တောင်ဆိုတာ တောင်တက်သမားတွေ ကြိုက်ကြတဲ့ trekking route ထဲမှာ ပါပါတယ်နော်။

ကျွန်တော်တို့ ဒီ ထန်းကုန်းစု ရွာလေးကို ရောက်တာနှင့် တောင်ပေါ်မယူမယ့် ပစ္စည်းတွေနှင့် ယူမယ့် ပစ္စည်းတွေ ခွဲပါတယ်။ တောင်ပေါ်မှာ အိပ်ဖို့ သယ်ရမယ့် Sleeping Bag နှင့် ရွက်ဖျင်တဲတွေကို ဝေငှပါတယ်။ ကောင်မလေးတွေကျတော့ ရွက်ဖျင်တဲကို တစ်ယောက် ဘယ်နှနာရီ ခွဲသယ်မလဲ တိုင်ပင်နေကြတာတော့ ကြားလိုက်ပါရဲ့။

ကဲ …. တောင်ခြေကရွာလေးလည်း ရောက်ပြီဆိုတော့ တောင်ပေါ်စတက်ကြရအောင်။

⛰ ရှေ့မြင်နောက်မြင်တောင်တက်လမ်း

ကျွန်တော် တောင်ခြေက ထန်းကုန်းစု ရွာရဲ့ အမြင့်ပေကို မမေးမိလိုက်ပေမယ့် တောင်ထိပ်ကတော့ ပင်လယ်ရေမျက်နှာပြင် အထက် အမြင့်ပေ ၇၇၅၂ ပေ မှာ တည်ရှိပြီး အဲဒီရွာလေးကနေ ၁၃ မိုင် နီးပါး လျှောက်ရမယ်လို့ ပြောပါတယ်။ ပုံမှန် နှုန်းထားနှင့်ဆို တောင်တက်ချိန်ဟာ (၆) နာရီမှ (၈) နာရီ ခန့်အတွင်း ကြာမြင့်တယ်လို့ ပြောပါတယ်။

ထန်းကုန်းစုရွာလေးဟာ စိုက်ပျိုးရေးကို အဓိက လုပ်ကိုင်တာကို တွေ့မြင်ရပြီး တောင်ပေါ်မှာ သစ်ခွရှာ၊ သစ်မြစ်သစ်ဖု တွေ ရှာတာနှင့်လည်း အသက်မွေးကြပါတယ်တဲ့။ ရွာအထွက်လေးကတော့ နည်းနည်း မတ်တယ် ပြောရမယ်။ ရှေ့မြင်နောက်မြင်တောင်ကတော့ အတက်မတ်တယ် ဆိုပေမယ့် တစ်ချို့နေရာတွေက လွင်ပြင်ကြီးလို ဖြစ်နေတော့ သိပ်တော့ မဆိုးဘူး ဆိုရမယ်။

ရွာကအထွက် တောက်လျှောက်တက်တော့ ပထမ (၁) နာရီလောက်မှာ အကာအရံသိပ်မရှိတဲ့ တောင်ကမုလေးပေါ် အရင်ရောက်တယ်။ အဲနားမှာကတော့ ပထမဆုံး လေအရမ်းတိုက်တာကို စ ခံစားရတာဘဲ။ သတိထားမိတာကတော့ တောင်ခြေရွာကနေ တောက်လျှောက် ဖုန်းလိုင်းမမိတာ အဲနားမှာ တစ်ချက်မိလိုက်သေးတယ်။

အဲမှာ ခဏနား ဓာတ်ပုံရိုက်ပြီး ဆက်တက်တော့ ပင်းတယ မြို့ရဲ့ ရှုခင်းတစ်ချို့ကို လှမ်းမြင်ရတဲ့ view point ကို ရောက်ပါတယ်။ အဲကနေ ဆက်တက် သွားတဲ့ အချိန်ကျတော့ တယ်လီဖုန်း တာဝါတိုင် တစ်ခုရှိတဲ့ တောင်စောင်းတစ်ခုကို ဖြတ်ရပါတယ်။ ကျွန်တော့် စိတ်ထင် အဲဒီ တောင်စောင်းကို ဖြတ်ရတဲ့ အချိန်က တော်တော်လေး ဟန်ချက်ညီအောင် ထိန်းခဲ့ရတဲ့ အချိန် ဖြစ်ပါတယ်။ တောင်စောင်းဆိုပေမယ့် လေ မတရား တိုက်တာမို့ ဦးထုတ်တွေ ဘာတွေ မလွှင့်ထွက်သွားအောင် တော်တော်ထိန်းရပါတယ်။

ဒီ တာဝါတိုင်ကို ကျော်ပြီးတဲ့ အချိန်မှာတော့ နေ့လည်စာနားဖို့ နေရာ ရောက်တာပေါ့။ နေ့လည်စာ စားရင်း အဲဒီနားက အရိပ်ထဲမှာ တရေးမော အိပ်လိုက်ပါသေးရဲ့။ နေ့လည်စာ စားတဲ့နေရာကျော်တာနှင့် တောင်ဇလပ်ပန်းတွေ ဝေနေတဲ့ အပင်တွေကို ဟိုတစ်စ ဒီတစ်စ စတွေ့လာရပါတော့တယ်။ တောင်ဇလပ်တော တစ်ချို့ရယ် လွင်ပြင်တစ်ချို့ရယ် တောင်အထပ်ထပ်ကို လမ်းလျှောက်ပြီးရယ် သကာလ မှာတော့ ကျွန်တော်တို့ရဲ့ ရှေ့မြင်နောက်မြင်တောင်ထိပ်မှာ ညအိပ်ရမယ့် တောင်ဇလပ်ပင် အုံဆိုင်းနေတဲ့နေရာကို ရောက်လာတာပေါ့။ ကျွန်တော်ကတော့ တောင်ခြေကနေ တောင်ထိပ်ထိကို ၇ နာရီ ကျော်လောက် လျှောက်ခဲ့လိုက်ရပါတယ်။ တစ်လမ်းလုံး ဓာတ်ပုံရိုက်နေတာကိုး

Summit Point ကတော့ ဒီတောင်ဇလပ်ပင်အုပ်လေးဘေးနားမှာပါ။ မြန်မာနိုင်ငံတောင် အလံနှင့် တကွ အလံတော်တော်များများ လွှင့်ထူထားတဲ့ ဒီ နေရာလေးဟာ တောင်တက်သမားတစ်ချို့ရဲ့ အောင်နိုင်ရာပေါ့။ Summit Point ကနေ ဆက်သွားရင် နောက် Summit Point တစ်ခု ရှိပါသေးတယ်။ သူကကျ လျှိုတစ်ခုထဲ ဆင်းပြီးမှ ပြန်တက်ရတာ။ လွယ်တော့ မလွယ်ဘူး … ကျွန်တော်ဆို အပြန်မှာ လျှိုထဲကို ဖင်ထိုင်ပြီး ဆင်းရတယ်။
ဒါနှင့် အရင်က ရှေ့မြင်နောက်မြင်တောင်ကို ရဟတ်ယာဉ် နှင့် လာလို့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တောင်ထိပ်မှာတောင် ရဟတ်ယာဉ် ဆင်းဖို့ ကွင်း သုံးကွင်း ရှိတယ် ပြောတော့ ကိုယ် ရှာကြည့်တာတော့ မတွေ့ခဲ့ဖူးရယ်။ ကျွန်တော့်စိတ်ထင် ရဟတ်ယာဉ်ကွင်းကြီးလို ရှိနေတာ မဟုတ်ဘဲ ကွင်းပြင်အကျယ်ကြီးတွေ ရှိတဲ့နေရာကို ပြောတာဖြစ်မယ်။

⛰ ရှေ့မြင်နောက်မြင်တောင်ထိပ် က တစ်ညတာ

ရှေ့မြင်နောက်မြင်တောင်ထိပ်မှာ ညအိပ်ခဲ့တာကတော့ ကျွန်တော် စောနက ပြောခဲ့တဲ့ အတိုင်း Summit Point ဘေးနားက တောင်ဇလပ်ပင်အုပ်ကြားထဲမှာပေါ့။ ရွက်ဖျင်တဲတွေချ၊ မီးလေးမွှေး ပြီး အိပ်ခဲ့ပေမယ့် တစ်ညလုံး အိပ်လို့ မရတဲ့ ညပါဘဲ။ ချမ်းလွမ်းလို့ မအိပ်နိုင်တဲ့အပြင် လေက အရမ်းတိုက်တော့ ရွက်ဖျင်တဲမှာ နေရတဲ့သူက အပြင်မှာ မုန်တိုင်းကျနေသလားတောင် ထင်ရတယ်။

ဖုန်းလိုင်းအနေနှင့် ပြောရမယ် ဆိုရင်တော့ တောင်ထိပ်မှာလည်း မိတစ်ချက် မမိတစ်ချက်ပါ။ တောင်ထိပ်မှာ အိမ်သာ နှစ်လုံးရှိတော့ အိမ်သာ ကိစ္စ ကတော့ တော်တော်အဆင်ပြေပါတယ်။ ဒေသခံတွေကတော့ သူတို့ကတက်နေကျဆိုတော့ ကြိုသိတယ် ထင်တယ်။ အရက်လေး တစ်ပက်လောက် သောက်ပြီးမှ အိပ်တယ် ပြောတယ်။ အဲစကားကို မနက်ကျမှ ကြားရတဲ့ ကိုယ်ဟာ စိတ်တောင် မကောင်း ဖြစ်သွားတယ်။ (ဤကား စကားချပ်)

⛰ ရှေ့မြင်နောက်မြင်တောင်ပေါ်မှ အပြန်

ကျွန်တော်တို့ မနက်ကျတော့ စောစောထပြီး တောင်အောက်ဆင်းဖို့ ပြင်ပါတယ်။ မနက်စာ စားပြီးတာနှင့် နေပူလာမှာ ဆိုးတော့ မနက် ၇ နာရီ လောက်ကတည်းက ဆင်းဖို့ ပြင်ကြ ဆင်ကြပါတယ်။ မနက်တစ်ခေါက်တော့ Summit နား ထပ်သွားဖြစ်လိုက်သေးတယ်။ အေးလွန်းလို့ ခဏဘဲ နေပြီး တောင်ဇလပ်တောအုပ်လေးထဲ ပြန်ဆင်းပြေးရတယ်။

အဆင်းမှာတော့ ဒေသခံလမ်းပြတွေရဲ့ ဂျင်း မိသူဟာ ကိုယ်တွေပါ။ အလာတုန်းက လမ်းနှင့် မတူတဲ့ လမ်းက ခေါ်တော့ တော်တော် မတ်တဲ့ တောင်ဆင်းလမ်းတွေကို ဖြတ်ခဲ့ရတာပါ။ အဆင်းကျ ကိုယ်ဟာ ဓာတ်ပုံ မရိုက်တော့ … တောင်အောက်ပြန်ရောက်ဖို့သာ အားခဲခဲ့တာမို့ ၅ နာရီ နီးပါးလောက်နှင့် တောင်အောက် ပြန်ရောက်သွားတယ်။

ဪ …. ဒါနှင့် အပြန်လမ်းမှာတောင် ရွာနီးနားက ကလေးတစ်ချို့ သူတို့ ဆရာမ နှင့် အတူ တောင်ပေါ်ကို လက်လေ့ရေးလို ပုံစံမျိုး ကျောင်းပိတ်ရက် တက်လာတာ တွေ့ခဲ့သေးတယ်။ ကိုယ် ဒီက ကလေးတွေကို အရမ်း ဖြစ်စေချင်တဲ့ အလေ့အထ တစ်ခုပေါ့။ ဒါကတော့ ကိုယ်တွေရဲ့ ရှေ့မြင်နောက်မြင် တောင်တက်ခရီးလေးပေါ့။

⛰ ရှေ့မြင်နောက်မြင်တောင် နှင့် သတိပြုဆင်ခြင်စရာ

ကျွန်တော်တို့ တောင်တက်တယ် ဆိုရာမှာ ဘယ်တောင်ဘဲ တက်တက် သတိပြုဆင်ခြင်စရာကတော့ အနည်းနှင့် အများ ရှိတတ်ပါတယ်။

(၁) ပထမဆုံးကတော့ သက်လုံကောင်းဖို့ အရေးကြီးတယ်လို့ ပြောချင်ပါတယ်။ ရှေ့မြင်နောက်မြင်တောင်ဟာ ပုံမှန် လေ့ကျင့်ခန်းလုပ်နေကျ သူတွေအတွက် အဆင်ပြေကောင်း ပြေနိုင်ပေမယ့် လှုပ်လှုပ်ရှားရှား မနေသူတွေအတွက်ကတော့ အနည်းနှင့် အများ ခက်တဲ့ အထဲပါပါတယ်။ အသက်ကြီးသူတွေ၊ နှလုံးရောဂါ အခံရှိသူတွေ၊ အမောမခံနိုင်သူတွေ ကတော့ မတက်တာ အကောင်းဆုံးပါ။

(၂) အဝတ်အစားကို တတ်နိုင်သမျှ နည်းနည်း နှင့် အအေးဒဏ် ခံန်ုင်မည့် ဟာ ရွေးပါ။ ညဘက်ဆို လေ အရမ်း ပြင်းတာမို့ မခံနိုင်အောင် ချမ်းပါတယ်။ တောင်တက်တဲ့ တစ်လျှောက်တော့ လွတ်လပ်ပေါ့ပါးတာ ဝတ်လို့ ရပါတယ်။

(၃) ဖုန်းလိုင်းကတော့ မိတစ်ချက် မမိတစ်ချက်ပါ။ ကျွန်တော့်ဖုန်းကတော့ ခဏလေး မိပြီး တစ်ညလုံး တောက်လျှောက် လိုင်းပြတ်သွားပါတယ်။

(၄) ရိက္ခာကတော့ ဒေသခံလမ်းပြတွေကို ကြိုပြောလို့ ရသလို မိမိ တစ်ကိုယ်ရေစာလည်း တတ်နိုင်သမျှ ထည့်သွားပါ။ wet tissue / လက်သန့်ဆေးရည် နှင့်တကွ ထိခိုက်ရှနာတွေ အတွက် ဆေးဝါးတစ်ချို့ပါ ပါအောင် ယူသွားပါ။

(၅) ဓာတ်ပုံဆရာများ ဓာတ်ခဲအပို ဒါမှမဟုတ် Power Bank နှင့် အားသွင်းလို့ရတဲ့ ကင်မရာ ပါရင်တော့ အားများများ သွင်းလို့ရတဲ့ Power Bank သာ ဆောင်သွားပါလေ။

(၆) ဒေသခံ လမ်းပြ နှင့်သာ သွားပါ။ ရှေ့မြင်နောက်မြင်တောင်ပေါ်မှာ မိုးရွာတဲ့ အချိန် လမ်းပြတဲ့ အဖွဲ့တွေ ရှိဖူးတာမို့ လမ်းပြပါမှ အဆင်ပြေမှာပါ။

(၇) မမှာမနေရကတော့ စည်းကမ်းရှိဖို့ပါ။ အမှိုက်မပစ်ချဖို့ နှင့် ကိုယ့် အမှိုက်ကိုယ် သိမ်းခဲ့ဖို့ပါ။ အမှိုက်တွေ ပြန်မသယ်ချင်ရင်လည်း မီးရှို့လို့ ရပါတယ်။ အမှိုက်တွေ မီးရှို့မယ် ဆိုရင်လည်း မီးငြိမ်းတဲ့ အထိ စောင့်ပေးပါ။ ပန်းပင်တွေ၊ သစ်ပင်တွေကို အကိုင်းမချိုး၊ အခက်မချိုးဖို့လည်း မှာပါရစေ။

⛰ ရှေ့မြင်နောက်မြင်တောင် အတွက် မှာတမ်းစာ

ကျွန်တော် ရှေ့မြင်နောက်မြင်တောင်တက်ရင်း ကြုံခဲ့ရတဲ့ စိတ်မကောင်းစရာ တစ်ခုက ကျွန်တော်တို့ အရှေ့က သွားတဲ့ အဖွဲ့တစ်ဖွဲ့က သစ်ခွပင်တွေကို မီးရှို့ခဲ့တာပါဘဲ။ ကျွန်တော့်ဖြင့် တော်တော်လေး စိတ်မကောင်း ဖြစ်မိတယ်။ ကျွန်တော်တို့ ရောက်သွားတဲ့ အချိန် အပင်ပေါ်က သစ်ခွတွေက မီးလောင်နေတုန်း … ကျွန်တော်တို့ အဲဒီ နေရာမှာဘဲ Vlog အတိုလေး လုပ်ပြီး တင်ဖြစ်သေးတယ်။ နောက်ဆို ဘယ်သူဘဲ သွားသွား အဲလို မလုပ်ကြပါနှင့်လို့ မေတ္တာရပ်ခံချင်ပါတယ်။

ရှေ့မြင်နောက်မြင်တောင်ဟာ စွန့်စားရတာ ကြိုက်တဲ့သူ၊ သဘာဝ တရားကို နှစ်သက်သူ၊ တောင်တက်ရတာ ကြိုက်တဲ့ သူတွေအပြင် သစ်ပင်ပန်းမာန် နှင့် ငှက်ကြည့်သူတွေ နှစ်ခြိုက်ကြမယ့် နေရာလေးလည်း ဖြစ်တာမို့ စည်းကမ်းရှိရှိ ခရီးသွားဖို့၊ ဝိုင်းဝန်းထိန်းသိမ်းပေးကြဖို့၊ ပတ်ဝန်းကျင် နှင့် ဒေသခံတွေကို တလေးတစား ရှိကြဖို့ တောင်းဆိုပါတယ်။

ကျွန်တော်ကတော့ သန်တုန်းမြန်တုန်း သွားနိုင်သလောက် တက်နိုင်သလောက်တော့ တောင်တွေ တက်ချင်သေးတယ်။ ကျွန်တော့်လို လူငယ်တွေကိုလည်း ငယ်တုန်း ရွယ်တုန်း အတွေ့အကြုံကောင်းလေးတွေရအောင် ကြိုးစားကြည့်စေချင်တယ်။

ရှေ့မြင်နောက်မြင်တောင်ကတော့ တစ်ညအိပ် နှစ်ရက်သွားမှသာ အဆင်ပြေမှာပါ။ တောင်ထိပ်မှာ နေဝင်ချိန်လေးကြည့်၊ ညဘက်ကျရင် မီးဖိုလေးဘေး စကားစမြည်လေးပြော၊ ပြီးရင် တောင်ဇလပ်တောထဲမှာ အိပ်ရင်စ မနက်ခင်းကို ကော်ဖီလေး တစ်ခွက် နှင့် နိုးထပေါ့။

စိတ်ကူးထဲမှာတော့ အရမ်းတွေ ရိုနေပါပြီ …. အပြင်မှာတော့ ကိုယ့်တုန်းက ချမ်းလွန်းလို့ ဘာမှတောင် မလုပ်နိုင်။ ဒါဖြင့် ရှေ့မြင်နောက်မြင်တောင် အကြောင်းလည်း စုံသလောက်ရှိပြီဆိုတော့ အားလုံးလည်း ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

စာဖတ်သူများအားလုံး ပျော်ရွှင်တဲ့ခရီးတွေ ပိုင်ဆိုင်နိုင်ပါစေ။

Local TravellingLUSH Travel
1
Facebook Twitter Google + Pinterest
Lush Editor

previous post
ပဟေဠိဆန်တဲ့ ယုံကြည်ကိုးကွယ်မှုတွေနှင့် ဂျော့ဂျာကာတာမြို့
next post
2023 ခုနှစ်ရဲ့အကောင်းဆုံး Celebrity Vintage Moments များ

Recommended

Bridge hotel opens in South Africa

July 14, 2020

မိုးရာသီခံစားမှုနဲ့ကမ်းခြေကို ခရီးဆန့်မလား

July 2, 2019

Norway The Land of Beautiful Landscapes

December 29, 2018

အသဲကွဲတဲ့အခါ Solo Travelling လုပ်သင့်လား

June 21, 2019

5 travel destinations that are re-opening

June 3, 2020

Bacalar – Maldives of Mexico

March 11, 2019

ရုံးပိတ်ရက်တွေမှာ လောလောလတ်လတ် UNESCO အမွေအနှစ်စာရင်းဝင်ထားတဲ့ “ပုဂံ” သွားကြမယ်

July 15, 2019

AirAsia unveils ‘AirAsia Unlimited Pass’

July 2, 2020

မန္တလေးမြို့ရဲ့ ညနေခင်းမှာ မပါမဖြစ်ကတော့ တရုတ်တန်းစျေးပါ။

August 26, 2023

Three Destinations for Travel in April

April 10, 2019

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem