နာမည်ကျော် Luxury Brand တစ်ခုဖြစ်တဲ့ Hermès ဟာ ၂၀၂၀ မှာ Makeup နဲ့ Skincare Line ကို စတင်မိတ်ဆက်ပေးဖို့အတွက် ပြင်ဆင်နေပါပြီ။ Hermès ကနေ ထုတ်လုပ်ရောင်းချမယ့် Makeup နဲ့ Skincare Collection ဟာ ပြင်သစ်နဲ့ အီတလီမှာ ထုတ်လုပ်မှာ ဖြစ်ပြီးတော့ ထုပ်ပိုးမှုကို Plastic-Free အနေနဲ့ စီစဉ်မယ်လို့လည်း သိရပါတယ်။
တကယ်တမ်းမှာ Hermès လိုနာမည်ကျော် ဇိမ်ခံဖက်ရှင်တံဆိပ်ကြီးတစ်ခုအနေနဲ့ အလှအပ လောကနဲ့ အစိမ်းသက်သက်တော့ မဟုတ်ပါဘူး။ Hermès ရဲ့ Fragrances Line ကနေ ထွက်ထားတဲ့ Twilly d’Hermès ၊ Terre d’Hermès နဲ့ နောက်ဆုံးအသစ်ထွက်ထားတဲ့ Un Jardin Sur La Lagune တို့ဟာဆိုရင် ၂၀၁၈ မှာ ဒေါ်လာ ၃၅၅ သန်းဖိုး ရောင်းချထားရတာပါ။
နောက်ထပ်ထွက်မယ့် ပစ္စည်းတွေအကြောင်း အခုချိန်မှာ အတိအကျ မသိရသေးပေမယ့် Hermès ဟာလည်း ရှေ့က နာမည်ကျော် တံဆိပ်တွေဖြစ်တဲ့ Chanel နဲ့ Dior တို့လို နောက်ပိုင်းမှာ cleansers၊ moisturizers၊ creams နဲ့ အခြားသော အလှအပရေးရာ ပစ္စည်းတွေကို ထုတ်လုပ်လာဦးမယ်လို့ မျှော်လင့်ရပါတယ်။
မိတ်ကပ်အနေနဲ့ဆိုလည်း ပြီးခဲ့တဲ့ Fall 2019 Runway တုန်းက မော်ဒယ်လ်တွေကို ခပ်နက်နက် Smokey Eyes တွေ ခြယ်သခိုင်းပြီး Runway ပေါ် ထွက်လာတာကို ပြန်ကြည့်ခြင်းအားဖြင့် Eyeshadow Palette များ ထုတ်မလားလို့လည်း တွေးမိပြန်ပါတယ်။ Skincare Product ထဲကဆိုရင် အခုချိန်မှာတော့ မျက်နှာနဲ့ လက်တွေအတွက် သုံးလို့ရတဲ့ Body Balm ကိုပဲ ၀ယ်ယူရရှိနိုင်ဦးမှာပါ။
သေချာတာ တစ်ခုကတော့ Hermès ရဲ့ Makeup နဲ့ Skincare Line ဟာ တန်ဖိုးတစ်ခုအတွင်းမှာ သတ်မှတ်ထားပြီး ဖယောင်းတိုင် အသေးလေးဆိုရင် ၁၈၆ ဒေါ်လာ၊ ရေမွှေးတွေဆိုရင် ၁၀၂ ဒေါ်လာကနေ ၁၃၉ ဒေါ်လာအတွင်းနဲ့ Body Product တွေက ဒေါ်လာ ၅၀ ကနေ ၇၀ အတွင်း ရှိမယ်လို့ ခန့်မှန်းရပါတယ်။
Hermès ရဲ့ Beauty Line က ဘယ်လို ပစ္စည်းတွေကို မိတ်ဆက်ထုတ်လုပ်ဦးမှာလဲ၊
ဘယ်လိုဈေးတွေနဲ့ ရောင်းချဦးမလဲဆိုတာ ကျွန်မတို့ စောင့်ကြည့်ရဦးမှာပါ။ Hermès ရဲ့ Birkin Bag တွေကို အားပေးတာလောက် Beauty Products တွေကို အားပေးကြဦးမလားဆိုတာကိုရောပေါ့။
Ref: Harpersbazaar.com
Editor: Su Yi Htet