နှစ်သစ်ကူးညစာစားပွဲဆိုတာ တရုတ်လူမျိုးတွေအတွက်တော့ မိသားစုစုံညီစားပွဲ (reunion dinner) ပုံစံမျိုးပါပဲ။
ဘယ်နေရာ၊ ဘယ်ဒေသရောက်ရောက် မိသားစုရှိရာအရောက်ပြန်ကြလို့ တရုတ်နိုင်ငံမှာဆို ဒီအချိန်က Public Transportation အခက်ခဲဆုံးအချိန်ပါ။
မိသားစုဝင်တွေအားလုံးတွေ့ဆုံကြလို့ မိသားစုများတဲ့သူတွေဆို စားပွဲဝိုင်းကြီးတစ်ခုတည်းမှာ အားလုံးပျော်ပျော်ပါးပါးနဲ့ စားသောက်ကြတာ အရမ်းလည်းပျော်စရာကောင်းပါတယ်။ အဖိုး ၊ အဖွားကနေ မြေး ၊ မြစ်အထိ အားလုံးပါတဲ့ပျော်စရာအကောင်းဆုံး စားပွဲကြီးပေါ့။
ဒီတရုတ်နှစ်သစ်ကူးစားပွဲတိုင်းမှာ မပါမဖြစ်ပါဝင်တဲ့ ကံကောင်းစေမယ့် အစားအစာတွေကတော့ အားလုံးလည်းသိပြီးဖြစ်တဲ့ ငါး ၊ ဖက်ထုပ် ၊ ကော်ပြန့် ၊ ခေါက်ဆွဲတို့ပဲဖြစ်ပါတယ်။ ဒီနှစ်သစ်ကူးအစားအသောက်တွေက Chinese New Year ရဲ့ signature menu တွေဖြစ်သလို တရုတ်လူမျိုးတွေယုံကြည်ထားတဲ့ ကံကောင်းစေမယ့်အစားအစာတွေပါ။
Chinese New Year အကြောင်းမပြောခင် နှစ်သစ်ကူးပွဲတွေ ဘာကြောင့်ကျင်းပဖြစ်လာတာလဲဆိုတဲ့ လူကြီးသူမတွေရဲ့ လက်ဆင့်ကမ်းဒဏ္ဍာရီပုံပြင်တွေအကြောင်း ပြောပြပေးချင်ပါတယ်။
ဟိုးရှေးရှေးတုန်းက တရုတ်လူမျိုးတွေနေထိုင်တဲ့မြို့တွေ ၊ ရွာတွေကို “Year” လို့ခေါ်တဲ့ ဘီလူးကိုယ်နဲ့ခြင်္သေ့ခေါင်းပုံစံရှိတဲ့ သတ္တ၀ါဆိုးကြီးတစ်ကောင်က နှစ်သစ်ကူးမတိုင်ခင်ညမှာ ပင်လယ်ထဲကထွက်လာပြီး လူတွေနဲ့ တိရိစ္ဆာန်တွေကို ဒုက္ခပေးတတ်ပါတယ်။
ဒါပေမဲ့ နောက်ပိုင်းမှာ ဒီသတ္တ၀ါကြီးက အနီရောင် ၊ မီးနဲ့ ကျယ်လောင်တဲ့အသံတွေကို ကြောက်လန့်တတ်တယ်ဆိုတဲ့အကြောင်း သိလာတဲ့အခါမှာ တရုတ်လူမျိုးတွေကနှစ်သစ်ကူးမတိုင်ခင်ညမှာ အနီရောင်မီးပုံးတွေ ၊ ဗျောက်အိုးတွေနဲ့ မီးရှုးမီးပန်းတွေဖောက်ပြီး ခြောက်လန့်ရာကနေ ယခုခေတ်မှာကျင်းပနေတဲ့ နှစ်သစ်ကူးပျော်ပွဲရွှင်ပွဲတွေဖြစ်လာတယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံမှာတော့ ဘီစီ ၂၀၀ ကျော်တည်းက မင်းအဆက်ဆက်က နှစ်သစ်ကူးပွဲတွေကို ပျော်ပွဲရွှင်ပွဲတွေနဲ့အတူတူကျင်းပခဲ့တာပါ။
နောက်ပြီး တရုတ်နှစ်ကူးမှာ စားကြတဲ့အစားအစာတွေက အဓိပ္ပါယ်အမျိုးမျိုးနဲ့ ယုံကြည်မှုတွေရှိကြပါတယ်။ ခေါက်ဆွဲဆိုရင် ပျော်ရွှင်မှုနဲ့ အသက်ရှည်ခြင်းကို ကိုယ်စားပြုပြီး ဖက်ထုပ် ၊ ကော်ပြန့်နဲ့ လိမ္မော်သီးတွေက ဓနဥစ္စာကြွယ်ဝခြင်းကို ရည်ရွယ်ပါတယ်။ ကောက်ညှင်းကိတ်ကတော့ ၀င်ငွေကောင်းမွန်ခြင်း ၊ ရာထူးတိုးခြင်းဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။
ခေါက်ဆွဲဆိုတာ တရုတ်လူမျိုးတွေအတွက် အသက်ရှည်ခြင်းကိုကိုယ်စားပြုလို့ ခေါက်ဆွဲစားရင် ဘယ်တော့မှဖြတ်ညှပ်ပြီး မစားကြပါဘူး။ ကံကောင်းခြင်းနဲ့ အသက်ရှည်ကျန်းမာခြင်းတွေ သယ်ဆောင်လာဖို့ ရည်ရွယ်ချက်နဲ့ စားသုံးကြလို့ပါ။
နောက်ပြီး နှစ်သစ်ကူးချိန်မှာစားသောက်ကြတဲ့ ကောက်ညှင်းကိတ်ဆိုရင် တရုတ်ပြည်အရှေ့ပိုင်းမှာအထူးကျော်ကြားတဲ့ နှစ်ကူးကိတ် ဖြစ်ပါတယ်။ ကောက်ညှင်းကိတ်ကိုစားတဲ့သူတိုင်းက ကံကောင်းခြင်းတွေ ၊ ငြိမ်းချမ်းခြင်းတွေရရှိလိမ့်မယ်လို့လည်း ယုံကြည်ကြပါတယ်။
ဒါပေမဲ့ Chinese New Year မှာသတိပြုရမယ့်ဆောင်ရန် ၊ ရှောင်ရန်တွေလည်းရှိပါသေးတယ်။ တို့ဖူးလို အဖြူရောင်ရှိတဲ့အစားအစာ ၊ အသုံးအဆောင်တွေကို နှစ်ကူးတဲ့အချိန်မှာရှောင်ပါ။ ဒါတွေက သေဆုံးခြင်း ၊ ကံမကောင်းခြင်းတွေဖြစ်လာနိုင်တယ်လို့ ယုံကြည်ကြလို့ အဖြူကိုလုံးဝမသုံးပါဘူး။
ပန်းတွေကတော့ တရုတ်နှစ်သစ်ကူးမှာမပါမဖြစ် အလှဆင်ပစ္စည်းတွေပါ။ တရုတ်လူမျိုးတွေရဲ့ယုံကြည်မှုမှာကိုက ပန်းအစစ်တွေကို အိမ်အတွင်းအလှဆင်ထားရင် ကံကောင်းခြင်း ၊ ငြိမ်းချမ်းခြင်းနဲ့ ပြန်လည်မွေးဖွားခြင်းတွေဖြစ်လာနိုင်တယ်လို့ ယုံကြည်ကြပါတယ်။
ငါးဆိုလည်း ဆယ်လ်မွန် ၊ ငါးမန်းတောင်ဟင်းချိုစတဲ့ ကိုယ်နှစ်သက်ရာငါးမျိုးစုံကို အမျိုးမျိုးချက်ပြုတ်ဝိုင်းဖွဲ့စားသောက်ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တရုတ်လူမျိုးတွေရဲ့နှစ်သစ်ကူးညစာစားပွဲတွေက ကမ္ဘာပေါ်မှာအရသာအကောင်းဆုံးနဲ့ ချစ်ခြင်းမေတ္တာတွေ ရောထွေးနေတဲ့ အကောင်းဆုံးစားပွဲကြီးဖြစ်ပါတယ်။
ကံအကောင်းဆုံး အစားအစာတွေဆိုတာထက် မိသားစုအားလုံးပြန်လည်တွေ့ဆုံခွင့်ရရှိတာကြောင့် အဓိပ္ပါယ်ရှိတဲ့ အချိန်လေးတွေလို့ ပြောမယ်ဆိုလည်း ပြောလို့ရပါတယ်။
တရုတ်နှစ်ကူးမှာ ပျော်စရာအစီအစဉ်လေးတွေလည်းရှိပါသေးတယ်။ မိသားစုဝင်တွေက အန်ပေါင်းလို့ခေါ်တဲ့ အနီရောင် စာအိတ်လေးတွေနဲ့ မုန့်ဖိုးတွေပေးကြတာတွေ ၊ WeChat ကနေ တစ်ယောက်နဲ့တစ်ယောက် ဆုတောင်းစကားတွေ ပြောကြပါသေးတယ်။
ပွဲလမ်းသဘင်အနေနဲ့ နာမည်ကျော်နဂါးအက ၊ ခြင်္သေ့အကနဲ့ ခမ်းနားလှပတဲ့ performance များစွာလည်း မရိုးနိုင်တဲ့ Chinese New Year ရဲ့ရိုးရာဓလေ့တွေပါ။ ရောင်စုံမီးတန်းတွေနဲ့ အရမ်းလှတဲ့မီးရှုးမီးပန်းတွေ ၊ မီးပုံးနီနီလေးတွေနဲ့ အရသာအရမ်းကောင်းတဲ့ တရုတ်ရိုးရာမုန့်တွေကို နှစ်သစ်ကူးပွဲသွားသူတိုင်းက အကြိုက်ဆုံးပေါ့။
မင်္ဂလာရှိသောအချိန် ၊ ကံကောင်းခြင်းတွေသယ်ဆောင်လာတဲ့အချိန်မှာ ချစ်ခင်သူတွေနဲ့ပျော်ရွှင်ဖို့ကောင်းတဲ့ နှစ်သစ်ကူးမိသားစုစုံညီ စားပွဲလေး ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
words by lim