ကြီးကျယ်ခြင်းနဲ့ ဆွဲဆောင်မှုရှိခြင်းတို့ အချိုးကျကျ ရောစပ်ထားတဲ့ “In the Mood for Love” ရုပ်ရှင်ကားဟာ ၂၀၀၀ ပြည့်နှစ် လူတွေရဲ့ အထီးကျန်ခြင်း၊ မပြည့်ဝတဲ့ ဆန္ဒတွေ နဲ့ မိမိကိုယ်ကို သိရှိခြင်းတွေကို အကောင်းဆုံး ဖော်ပြထားတဲ့ ရုပ်ရှင်ကား တစ်ကား ဖြစ်ပါတယ်။ ပြင်းပြတဲ့ ဆွဲဆောင်မှု၊ မမျှော်လင့်ပဲ ချစ်ကျွမ်းဝင်သွားတာတွေ၊ ပြည့်စုံတဲ့ အလှတရားတွေနဲ့အတူ ဘယ်တော့မှ ဖြစ်မလာနိုင်တဲ့ ချစ်ခြင်းတရားကို ဖော်ကျူးထားပါတယ်။ သူ့ရဲ့ တိတ်ဆိတ် သိမ်မွေ့ပြီး နက်ရှိုင်းတဲ့ ချစ်မေတ္တာနဲ့ နာကျင်မှုများကို ဖုံးကွယ်ထားပြီး ဒီဒါဏ်ရာတွေကနေ ဇာတ်ကောင်က မိမိရဲ့ စိတ်မှာ ယာယီမဟုတ်တဲ့ ထင်ယောင်ထင်မှား ဖြစ်စေမှုတွေကို ဖန်တီးလိုက်ပါတယ်။ “In the Mood for Love” ဟာ ချစ်ခြင်းမေတ္တာတစ်ခုထဲ အကြောင်းကို ဖော်ပြထားတဲ့ ရုပ်ရှင်ဖြစ်ပြီးတော့ ဇာတ်ကောင်တွေရဲ့ ချစ်ခြင်းမေတ္တာဟာ မည်သည့် ဆက်ဆံရေးနှင့်မျှ မတူအောင် ဝေးကွာနေပါတယ်။
ဇာတ်လမ်းကတော့ ၁၉၆၂ခုနှစ်ရဲ့ ဟောင်ကောင်မြို့တိုက်ခန်း တစ်ခုမှာ အစပြုခဲ့ပါတယ်။ ရုပ်ရှင်ရဲ့ အောင်မြင်မှုကို တစ်စိတ်တစ်ပိုင်းမှ ပုံဖော်ပေးထားတာကတော့ လှပတဲ့ Mrs. Chan ရဲ့ ပြီးပြည့်စုံပြီး အပိုအလိုမရှိတဲ့ qipao တွေပဲ ဖြစ်ပါတယ်။ သူမရဲ့ အခန်းဟာ သေးငယ်သော်လည်း သပ်သပ်ရပ်ရပ်ရှိပြီးတော့ သူမရဲ့ qipao တွေဟာ ရုပ်ရှင်ပြကွက်တွေမှာ တစ်ကြိမ်မက ဝတ်ဆင်ထားတာကို တွေ့ရပါတယ်။ ဒီရုပ်ရှင်ကို ကြည့်ဖူးသူတိုင်း Maggie Cheung (Mrs. Chan) ရဲ့ qipaos တရုတ်ရိုးရာ ဂါဝန်တွေကို မျက်စိထဲက ထွက်တော့မှာမဟုတ်ပါဘူး။ အထူးသဖြင့် မိန်းကလေးတွေပေါ့။
Qipao dress တွေကို မကြည့်ခင် သူတို့ရဲ့ ဖန်တီးရှင်တွေကို အရင်ကြည့်ကြရအောင်။ ပထမတစ်ယောက်အနေနဲ့ကတော့ အသက် ၁၀၂နှစ်ရှိပြီ ဖြစ်တဲ့ တရုတ် qipao ဖန်တီးသူ Han Yi ဖြစ်ပါတယ်။ သူဟာ အသက် ၁၆ နှစ်ထဲက qipao ကို စတင်ဖန်တီးချုပ်လုပ်ခဲ့ပြီးတော့ သူ့ရဲ့ ဆိုင်ကတော့ ရှန်ဟိုင်းမြို့မှာ တည်ရှိပါတယ်။ နောက်တစ်ယောက်ကတော့ ဟောင်ကောင်မြို့မှ ဒီဇိုင်နာ တစ်ဦးဖြစ်ပြီးတော့ ဟောင်ကောင်မြို့ရဲ့ ထင်ရှားတဲ့ ရိုးရာ qipao တွေကို ဖန်တီးတဲ့သူတစ်ယောက် ဖြစ်ပါတယ်။
ဇာတ်လမ်းအစမှာတော့ Mrs. Chan ဝတ်ထားတဲ့ အပြာရောင်ပေါ်အနီရောင် နှင်းဆီပန်းပွင့်တွေ ရွေးချယ်ထားတဲ့ qipao ကတော့ ဆန့်ကျင်ဘက်အရောင်တွေကို လိုက်ဖက်ညီညီ အသုံးပြုထားတာကြောင့် ရဲရင့်ပေမယ့် မိန်းမဆန်ခြင်းတွေကို ဖော်ပြပေးနေပါတယ်။ Mr. Chan ဒီ qipao ကို ဝတ်ဆင်ထားပြီး မီးဖိုခန်းထဲမှာ ကျောက်စိမ်းရောင် ရှေးဟောင်း ကော်ဖီခွက်တွေနဲ့အတူ မြင်ရတဲ့မြင်ကွင်းဟာ ပြီးပြည့်စုံတာထက်ကို ပိုနေပါတယ်။
မီးဖိုချောင် နဲ့ အထူးသဖြင့် ခေါက်ဆွဲလှည်းမှာ ရပ်ပြီးစောင့်နေတဲ့အခါ ဝတ်ဆင်ထားတဲ့ နက်ပြာ၊ အနီနဲ့ အဝါရောင် ထောင်လိုက်အစင်းတွေနဲ့ qipao ကတော့ သူမကိုယ်မှာ ချပ်ရပ်နေပြီးတော့ လူကြားထဲသာမက ပတ်ဝန်းကျင်တစ်ခုလုံးမှာ ထင်ရှားနေပြီးတော့ မတူထူးခြားတဲ့ခံစားမှုမျိုးကို ပေးစွမ်းပါတယ်။
ဒီ qipao ကိုတော့ Maggie Cheung ဟာ ရုပ်ရှင်ရဲ့ မမေ့နိုင်တဲ့ ပြကွက်များစွာထဲက တစ်ခုမှာဝတ်ဆင်ခဲ့တာပါ။ သူမနဲ့ Tony တို့ တွေ့ဆုံခဲ့ကြပြီး ရုပ်ရှင်တစ်ခုလုံးမှာ သူတို့ ၂ယောက်ရဲ့ ဆက်ဆံရေးကို အကျဥ်းချုံးဖော်ပြထားထားသလိုပါပဲ။ လူ ၂ဦး ပထမဆုံးအကြိမ် အမှတ်တမဲ့တွေ့ဆုံကြတဲ့မြင်ကွင်းမှာ ဝမ်းနည်းမှုနဲ့ လစ်ဟာမှုတို့ကို မီးခိုးရောင်ပေါ် အလျားလိုက်အဖြူလိုင်းစင်း အနည်းငယ်ပါတဲ့ qipao မှ တဆင့် ဖော်ပြထားပါတယ်။
daffodils ပန်းပွင့်တွေနဲ့ qipao ကလဲ ရုပ်ရှင်ရဲ့ iconic ပြကွက် တစ်ခုဖြစ်တဲ့ Mrs. Chan ဖန်ခွက်တစ်ခုကိုင်ပြီး ပြတင်းပေါက်ကနေ အပြင်ကို ငေးကြည့်နေတဲ့ နေရာဖြစ်ပါတယ်။ qipao ဂါဝန်မှာသာမက ဖန်ခွက်၊ လိုက်ကာတို့မှာ ပန်းပွင့်တွေကို ပုံဖော်ထားရုံသာမက အိမ်အပြင်က အပင်ရဲ့ အစိမ်းရောင်ကလည်း qipao ရဲ့ အဝါရောင်နဲ့ လိမ္မော်ရောင် ပန်းပွင့်တွေနဲ့ လိုက်ဖက်ညီနေပါတယ်။ အဖြူနဲ့ အမည်း qipao ကိုတော့ မကြာခဏ မတွေ့ရပေမယ့် ရုပ်ရှင်ရဲ့ ဇာတ်အမြင့်ဆုံးရောက်တဲ့အချိန်မှာ Mrs. Chan က trench coat အနီရောင်အောက်မှာ ထည့်ဝတ်ထားခြင်းဖြင့် ရဲရင့်တဲ့ ဆုံးဖြတ်ချက် ပြတ်သားတဲ့ သူမရဲ့ စိတ်ကို ဖော်ပြထားပါတယ်။
Mrs. Chan ဝတ်ဆင်ထားတဲ့ qipao တွေဟာ အလွန်အမင်း တင်းကျပ်တဲ့ လိုင်း၊ ခါးမှ စတဲ့ ထောက်တွေက ဝတ်ဆင်သူရဲ့ ခန္ဓာကိုယ် အလှကို ပိုပေါ်လွင်စေပါတယ်။ ဒူးထိရှည်တဲ့ ဂါဝန်ကို ဘယ်၊ ညာ ပေါင်လည်မှ စပြီး ခွဲထားပါတယ်။ qipao တွေဟာ လက်ပြတ် သို့မဟုတ် လက်တိုများကိုသာ ဝတ်ဆင်ထားပြီး ထူးခြားချက်ကတော့ သာမာန် qiapo တွေထက် ကြီးပြီး မြင့်တဲ့ တခါတရံ လည်ပင်းကို ထိနေတတ်တဲ့ လည်ထောင်ကော်လံတွေပဲ ဖြစ်ပါတယ်။
အရောင်အသုံးပြုပုံများကို ကြည့်မယ်ဆိုရင် ဇာတ်ကောင် စိတ်ခံစားမှု အလိုက် သုံးထားတာပဲ ဖြစ်ပါတယ်။ ဇာတ်ကောင်တွေရဲ့ စိတ်ခံစားမှု ပြင်းထန်လေလေ နွေးထွေးတဲ့ အရောင်တွေကို သုံးလေလေ ဖြစ်ပြီးတော့ အေးစက်တဲ့ အရောင်တွေကြားထဲမှာတော့ လှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ဝမ်းနည်းပူဆွေးမှုတွေကို ဖော်ပြထားပါတယ်။ In the Mood for Love မှ Mrs. Chan ရဲ့ ဝတ်စုံ အရောင်တွေဟာ ရောထွေးနေတဲ့ ခံစားချက် ၂ခုကို ဖော်ပြနေပါတယ်။
စကားပြော အနည်းငယ်သာ ပါတဲ့ In the Mood for Love ရုပ်ရှင်ဟာဆိုရင် ဇာတ်ကောင်တွေရဲ့ ပြောင်မြောက်တဲ့ သရုပ်ဆောင်မှုနဲ့ အတူ အဝတ်စားဖက်ရှင်တွေက ဇာတ်လမ်း အစအဆုံး သရုပ်ဖော်ထားပါတယ်။ တုန်ခါနေတဲ့ နောက်ခံတီးလုံးတွေ၊ အရောင်အသွေး စုံလင်ပြီး တိကျကောင်းမွန်စွာ ဖော်ပြထားတဲ့ ဝတ်စုံတွေကတော့ မဖြစ်နိုင်တဲ့ အချစ်တစ်ခုကြောင့် ခံစားရတဲ့ စိတ်ခံစားချက်တွေကို ဖော်ပြနေပါတယ်။
Editor: Jeune