ဒီနှစ်တွေထဲမှာ Autobiography တွေဖြစ်တဲ့ ရုပ်ရှင်ဇာတ်ကားတွေ တော်တော်များများထွက်လာကြပါတယ်။ မတ်လ ၂၂ ရက်မှာပဲ ရုံတင်လာတော့မယ့် ဇာတ်ကားတစ်ကားရှိနေပါတယ်။ ကမ္ဘာကျော်ရော့်ခ်တေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Motley Crue အကြောင်းရိုက်ကူးထားတဲ့ The Dirt ဆိုတဲ့ဇာတ်ကားပါ။ The Dirt ဆိုတဲ့နာမည်ကတော့ Motley Crue တို့ရဲ့သီချင်းတစ်ပုဒ်ရဲ့နာမည်ဖြစ်သလို သူတို့အဖွဲ့အကြောင်းစာအုပ်ဖြစ်တဲ့ The Dirt: Confessions of the World’s Most Notorious Rock Band စာအုပ်ကနေ ယူငင်ပြီး ပြန်လည်အသုံးပြုထားတာလည်းဖြစ်ပါတယ်။ အဲဒီစာအုပ်ကိုတော့ အမေရိကန်ရဲ့နာမည်ကြီး ဂျာနယ်လစ်စာရေးဆရာ Neil Strauss နဲ့အတူ Motley Crue အဖွဲ့သားတွေဖြစ်တဲ့ Bass Guitarist Nikki Sixx, Drummer Tommy Lee, Lead Guitarist Mick Mars နဲ့ Vocalist Vince Neil တို့က ရေးသားထားခဲ့ကြတာဖြစ်ပါတယ်။
The Dirt Film Official Poster
ကမ္ဘာပေါ်မှာ ရော့ခ်ဂီတရဲ့ ကမ္ဘာအ၀ှမ်းလွှမ်းမိုးမှုကို သွားကြည့်မယ်ဆိုရင် ၈၀ ၊ ၉၀ ခုနှစ်တွေရဲ့ ရော့ခ်သမိုင်းမှတ်တိုင်တွေဟာ ခိုင်ခိုင်မာမာကြီး ညွှန်ပြစရာအဖြစ်သက်သေတည်ပါတယ်။ ရော့ခ်ကမ္ဘာကြီးဖြစ်ခဲ့တဲ့ ခုနှစ်သက္ကရာဇ်တွေလို့ပြောရင်လည်း မမှားနိုင်ပါဘူး။ ဒီအထဲမှာ Motley Crue တို့ဟာ Heavy Metal နဲ့ ကိုင်လှုပ်သူတွေဖြစ်ခဲ့ကြပါတယ်။
ယခု သူတို့အကြောင်း ရုပ်ရှင်ဟာ Biographical Musical Comedy Drama အမျိုးအစားဖြစ်ပြီးတော့ Motley Crue တို့ရဲ့ ဖြစ်တည်မှုအမှန်ကို မြင်တွေ့ကြမှာဖြစ်ပါတယ်။ Motley Crue တို့ရဲ့ အောင်မြင်မှု၊ မူးယစ်ဆေး၊ လိင်၊ ဂီတ၊ Band အတွင်းရေးကိစ္စနဲ့ သူတို့ခရီးကြမ်း၊ သူတို့ရဲ့ နေထိုင်ပုံကာရိုက်တာ စတာတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ရိုက်ကူးထားတဲ့ ဒါရိုက်ကလည်း Bad Grandpa ကို ရိုက်ကူးခဲ့တဲ့ Jeff Tremaine ဆိုတော့ ဘယ်လိုပုံစံတွေနဲ့တင်ဆက်လာမလဲဆိုတာ ရိပ်မိလောက်မှာပါ။
Mötley Crüe Band Members
သရုပ်ဆောင်တွေကတော့ Nikki Sixx နေရာမှာ Douglas Booth, Mick Mars နေရာအတွက် Iwan Rheon, Tommy Lee အဖြစ် Colson Baker နဲ့ Vince Neil အဖြစ် Daniel Webber တို့က သရုပ်ဆောင်ထားကြပါတယ်။ ဒီရုပ်ရှင်ကိုတော့ Netflix ကနေ တင်ဆက်ထားတာဖြစ်ပါတယ်။
The Dirt Official Trailer
ရော့ခ်အင်ရိုးသမိုင်းမှာ မေ့ပျောက်ချန်လှပ်ထားလို့မရတဲ့ Motley Crue တို့ရဲ့ The Dirt ဇာတ်ကားမှာ Soundtrack ၁၈ ပုဒ် ကိုခံစားရမှာဖြစ်တယ်လို့သိရပါတယ်။ နိုင်ငံတကာ ရုံတင်ပြသမယ့် Date ကတော့ မတ်လ ၂၂ ရက်နေ့ပါ။ ဒါပေမယ့် မြန်မာပြည်မှာ ရုံတင်မှာလား မတင်ဘူးလားဆိုတာတော့ မသိရသေးပါဘူး။ ကြည့်ရဖို့ အချိန်အခါအခွင့်သင့်ခဲ့ရင်တော့ မလွတ်တမ်း ကြည့်ရှုသင့်တဲ့ဇာတ်ကားတစ်ကားဖြစ်မှာ သေချာပါတယ်။