Living In Paradise

written by Yoon Wai October 17, 2017

ဒီလအတွက် ရေးချင်တဲ့အကြောင်းအရာကတော့ Living in Paradise လို့ပဲ ပြောလို့ရမယ်ထင်တဲ့ ဂရိနိုင်ငံက ရေပတ်လည်ဝိုင်းနေတဲ့ ဆန်တိုရီနိဆိုတဲ့  ကျွန်းမြို့လေး တစ်မြို့အကြောင်းပါပဲ။

ဆန်တိုရီနိလို့ ပြောလိုက်ရင် အပြာရောင်မိုးကုတ်စက်ဝိုင်းကို နောက်ခံပြီး အဖြူရောင်ဂါဝန်လေးတွေ ၀တ်ထားတဲ့ မိန်းမပျိုလေးများလို လှပတဲ့ အဆောက်အဦးများရှိတဲ့ နေရာတစ်ခုဖြစ်ပါတယ်။

ဆန်တိုရီနိက ပျားရည်ဆမ်းခရီးထွက်ကြမယ့် မင်္ဂလာမောင်မယ်တို့အတွက် အမှတ်တရတွေ များစွာဖြစ်စေဖို့ လည်ပတ်ဖို့ သွားသင့်တဲ့ နေရာလေးတစ်ခုပါပဲ။ တခါတရံ ကျွန်တော်တို့အတွက် အဆောက်အဦးတွေ မြို့ပြတွေကြားမှာ နစ်မွန်းနေတဲ့အခါမှာ ခရီးထွက်ခြင်းဖြင့်လည်း စိတ်ကို လန်းဆန်းစေပါတယ်။ ထို့ပြင် ခရီးကအပြန်မှာ ကိုယ့်အိမ်အတွက် အမှတ်တရတွေ ပြန်ယူလာပြီး အိမ်ရဲ့ အလှအပကိုလည်း အမှတ်တရဖြစ်နေအောင် ဖန်တီးလို့ရပါတယ်။

ဆန်တိုရီနိကတော့ အမှတ်တရ အနုပညာတွေ အများကြီးရနိုင်တဲ့ မြို့လေးတစ်မြို့ပါ။ အကွေ့အကောက် အဆင်းအတက် လမ်းကျဉ်းကျဉ်းလေးတွေမှာ ကိုယ်ချစ်တဲ့သူနဲ့ လက်ချင်းတွဲပြီး လမ်းလျှောက်ရတာကိုက တကယ့်ကို ရိုမန်တစ်ဆန်တဲ့ နေရာလေးတစ်ခုပါ။ နောက်ပြီး ဆန်တိုရီနိမှာ ဖွင့်ထားတဲ့ ဆိုင်လေးတွေက အိမ်ဆိုင်လိုပုံစံလေးတွေအများကြီးရှိပါတယ်။ ထို့ပြင်တစ်ချို့အိမ်ဆိုင်လေးတွေက အနုပညာလက်ရာပစ္စည်းတွေ ပြသရောင်းချတဲ့ အိမ်ဆိုင်လေးတွေပါ။ နေရာကျဉ်းကျဉ်းလေးမှာ ချစ်စရာကောင်းအောင် တည်ဆောက်ထားပုံက ဆန်တိုရီနိရဲ့ အသက်ပဲလို့ ပြောလို့ရပါတယ်။ Gallery လေးတွေမှာ ပြသထားတဲ့ ပန်းချီပန်းပုတွေကလည်း တကယ့်ကို စိတ်ဝင်စားစရာကောင်းပါတယ်။ အိမ်ပြန်ရောက်တဲ့အခါ ဧည့်ခန်းထဲမှာ ဖြစ်ဖြစ် အိပ်ခန်းထဲမှာ ဖြစ်ဖြစ် ကိုယ်တိုင်ဝယ်လာတဲ့ ပန်းချီကားလေးကို ချိတ်ဆွဲလိုက်တဲ့အခါ ကြင်စဦးမောင်နှံနှစ်ဦးအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ပျားရည်ဆမ်းခရီးအမှတ်တရလေး ဖြစ်သွားတတ်ပါတယ်။

ဆန်တိုရီနိမှာ တွေ့နိုင်တဲ့ နောက်ထပ်လှပတဲ့အရာတွေကတော့ မီးတောင်ပေါက်ကွဲတဲ့အချိန်မှာ ထွက်လာတဲ့ ချော်ရည်ကျောက်တွေနဲ့ ဒီဇိုင်းဖန်တီးထားတဲ့ လက်ဝတ်ရတနာတွေပဲ ဖြစ်ပါတယ်။ ကျွန်တော်အကြိုက်ဆုံးကတော့ အနီရောင်ချော်ရည်ပူကျောက်တွေနဲ့ ဖန်တီးထားတဲ့ လည်ဆွဲလေးတွေပါပဲ။

တခါတလေ ခရီးတစ်ခုထွက်ပြီးတိုင်း ကိုယ့်အိမ်ပြန်ရောက်တဲ့အခါမှာ ခရီးထွက်တဲ့အခါမှာ ၀ယ်လာတဲ့ လက်ဆောင်ပစ္စည်းလေးတွေနဲ့ပဲဖြစ်ဖြစ် ခရီးထွက်တဲ့အခါမှာ အသုံးပြုခဲ့တဲ့ မြေပုံတွေ ၀င်ခွင့်လက်မှတ်တွေကို ခရီးအမှတ်တရ ဓါတ်ပုံဖရိန်လေးတွေအဖြစ် ပြောင်းလဲပြီး အလှဆင်လို့ရပါသေးတယ်။ တနည်းအားဖြင့် ခရီးထွက်တာကို ၀ါသနာပါတဲ့သူတွေအတွက် ကိုယ်နေထိုင်တဲ့နေရာလေးတစ်ခုမှာ ကိုယ့်ရဲ့ကာရိုက်တာလေးပေါ်လာအောင် ကိုယ်ကိုယ်တိုင် ဖန်တီးလို့ရတဲ့အရာလေးတွေပဲ ဖြစ်ပါတယ်။

ဆန်တိုရီနိမှာတော့ မောင်နှံတွေအတွက် Aegean Seaကို နောက်ခံထားပြီး ဓါတ်ပုံရိုက်မလား၊ ဒါမှမဟုတ်လမ်းကြားလေးတွေထဲ လမ်းလျှောက်ပြီး နီနီရဲရဲပွင့်နေတဲ့ စက္ကူပန်းတွေနဲ့ ဓါတ်ပုံရိုက်မလား။ ဒါမှမဟုတ် ဒေသခံအနုပညာရှင်တွေနှင့်တွေ့ဆုံပြီး အနုပညာအကြောင်းအရာတွေ ခံစားချက်တွေ ဖလှယ်ကြမလား။ ဆန်တိုရီနီမှာ ရိုမန်တစ်ဆန်တဲ့ အမှတ်တရတွေ ရနိုင်ပါတယ်။

ဆန်တိုရီနိမှာရှိတဲ့အဆောက်အဦးတွေက အဖြူရောင်အပြာရောင်တွေက အဓိကဖြစ်သလို နေအိမ်တွေ ဟော်တယ်တွေရဲ့ အတွင်း Interior Design တွေကလည်း အဖြူရောင်နှင့် အပြာရောင်ပဲ ဖြစ်ကြပါတယ်။ အိမ်လေးတွေက တောင်စောင်းပေါ်မှာ တည်ဆောက်ထားတာကြောင့် နေရာကျယ်ကျယ်ပြန့်ပြန့်မဖြစ်ဘဲ အနေသင့်နေလို့ရတဲ့ ပုံစံလေးတွေပဲ များပါတယ်။ ထို့ပြင် အတွင်းထဲမှာ ထည့်ထားတဲ့ ပရိဘာဂတွေကလည်း အများကြီးမရှိဘဲ သစ်သားကိုသာ အများဆုံး အသုံးပြုပြီး အဖြူရောင် အပြာရောင်ဆေးတွေကိုပဲ လိုက်ဖက်အောင် ရွေးချယ်ထားကြပါတယ်။ ဆန်တိုရီနိရဲ့ ထူးခြားချက်က တမြို့လုံး ဒီအရောင်ဘဲ ခြယ်ရမယ်ဆို တမြို့လုံးက ထိုအရောင်ကိုဘဲ ခြယ်သကြပါတယ်။ ထို့ကြောင့် ဆန်တိုရီနိက အပြာရောင်ကောင်းကင်နှင့် ပင်လယ်ရေပြင်မှာ ထိစပ်နေတဲ့နေရာမှာ အဖြူရောင်သတို့သမီးဝတ်စုံလေးတွေဝတ်ထားကြတဲ့ လှပျိုဖြူလေးများ ဖြစ်နေကြပါတော့တယ်။

words by aung soe paing

Loading

Recommended

What's your opinion?