Lock down တွေ ဖြည့်လျှော့ပေးတာနဲ့ အမျှ လေကောင်းလေသန့်ကို လွတ်လွတ်လပ်လပ်ရှူဖို့ အိမ်ပြင် ထွက်လာကြပါတယ်။ အိမ်ထဲမှာပဲ အချိန်ကုန်တာတွေ များလာပြီးတဲ့နောက် အိမ်ပြင်ထွက်တဲ့ အခါ အထူး သတိထားရမှာကတော့ နေရောင်ခြည်ပါပဲ။ သင့်ရဲ့ မျက်နှာသာမက တစ်ကိုယ်လုံးက အသားအရည်ကို အန္တရယ် ဖြစ်စေတဲ့ UV rays တွေမှ ကာကွယ်ဖို့ အထူးလိုအပ်ပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာထဲက ယခုချိန်ထိ sun cream တွေဟာ သင့် အသားရည်နဲ့ နေရောင် တိုက်ရိုက်ထိတွေ့မှုကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်တဲ့ အရာတစ်ခု ဖြစ်ပါတယ်။ နေရောင်ထဲက ultraviolet radiation ဟာ အရေပြား ကင်ဆာရောဂါကို ဖြစ်စေပြီးတော့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်း၊ အရေးအကြောင်းများ ဖြစ်ပေါ်စေခြင်း၊ အသားရောင် မညီညာခြင်း၊ အသားရည် နီမြန်းခြင်း များကို ဖြစ်ပေါ်စေပါတယ်။ New York မြို့မှ အရေပြားအထူးကု ဆရာဝန် Julie Karen ရဲ့ အပြောအရ ယနေ့ခေတ် အသက်ငယ်တဲ့ သူတွေမှာ အရေပြားကင်ဆာ ရောဂါ အများအပြား ဖြစ်ပေါ်ခြင်းဟာ နေရောင်နဲ့ တိုက်ရိုက် ထိတွေ့မှုကြောင့် အများဆုံးဖြစ်တယ်လို့ ပြောထားပါတယ်။
UK အစရှိတဲ့ အနောက်နိုင်ငံများမှာ အရေပြားကင်ဆာဟာ အခြားကင်ဆာတွေထက် ဖြစ်ပွားမှုနှုန်း များပြားလာပါတယ်။ ဖြစ်ပွားမှုတွေရဲ့ အဓိက အကြောင်းအရင်းကတော့ နေရောင်ခြည်ကို တိုက်ရိုက် ထိတွေ့မှုကြောင့်ပါ။ အရေပြားမှာ အရောင်ခြယ် ပစ္စည်းပါဝင်မှုနှုန်း နည်းလေ နေရောင်ခြည်ကြောင့် အရေပြားကင်ဆာ ဖြစ်နိုင်မှုနှုန်း များလေ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် အသားဖြူတဲ့သူတွေက ညိုတဲ့သူတွေထက် ဖြစ်ပွားမှုနှုန်း ပိုများတယ်လို့ ဆိုလိုတာပါ။
နေရောင်ခြည် ကျရောက်မှု ပြင်းထန်တဲ့ နွေရာသီ နေကို အိမ်ထဲ ရက်ပေါင်းများစွာနေပြီးမှ ထိတွေ့တဲ့ အခါ သာမာန် ထက် ပိုပြီး ထိခိုက်လွယ်ပါတယ်။ အရေပြားရောဂါတွေသာမက သင့်ရဲ့ အလှအပကိုပါ ထိန်းသိမ်းနိုင်ဖို့ အန္တရယ်ရှိတဲ့ နေရောင်ခြည်ဒဏ်မှ ဘယ်လို ကာကွယ်ပေးရမလဲဆိုတာကို ပြောပြပေးသွားမှာပါ။
SPF 30 နှင့် အထက် sun cream များကို အသုံးပြုပါ။ အခြား မိတ်ကပ် ပစ္စည်းများတွင် SPF ပါဝင်လဲ sun cream ကို ထက်လိမ်းဖို့ မမေ့ပါနဲ့။ sun cream ကို နေပူထဲ မထွက်မီ မိနစ် ၂၀ အနည်းဆုံး ကြိုပြီး လိမ်းပေးပါ။ နေပူထဲ ထွက်တော့မယ်ဆိုရင်လဲ နောက်ထပ် တစ်ခေါက် လိမ်းပေးခြင်းဖြင့် ပထမအခေါက်မှာ မလိမ်းမိတဲ့ နေရာတွေပါ လိမ်းပြီးသား ဖြစ်သွားမှာပါ။ ဒါပေမယ့် မမေ့ပါနဲ့။ sun cream ကို အပြင်ရောက်ပြီး နာရီ အနည်းငယ်ကြာရင် တစ်ခါ ပြန်လိမ်းပေးဖို့ လိုတယ်နော်။
အပြင်ဘက်မှာ လေ့ကျင့်ခန်းအလုပ်များတဲ့သူတွေ၊ ဒါမှ မဟုတ် ချွေးအရမ်းထွက်တဲ့ သူတွေကတော့ ပုံမှန်ထက် မကြာခဏ လိမ်းပေးဖို့ လိုအပ်ပါတယ်။ မျက်နှာနဲ့ ခြေထောက်၊ လက်တွေသာမက အဝတ်အစားနဲ့ မဖုံးအုပ်ထားတဲ့ လည်ပင်းတွေ နားရွက်တွေကိုပါ sun cream လိမ်းပေးရပါမယ်။
သတိထားသင့်တဲ့ အချက်ကတော့ ကိုယ် အသုံးပြုတဲ့ sun cream ဟာ ကိုယ့် အသားအရည်နဲ့ အလိုက်ဖက်ဆုံး ဖြစ်နေရပါမယ်။ sun cream တွေဟာ အချို့ အသားရည်တွေကို ဓါတ်မတည့်မှုမျိုး ဖြစ်စေနိုင်တာကြောင့် သေချာ စီစစ်ပြီး ဝယ်ယူဖို့ အကြံပေးချင်ပါတယ်။ များပြားလှတဲ့ sun cream တွေထဲကမှ အများစုနဲ့ အဆင်ပြေပြီး သုံးဖူးသူ အများစုရဲ့ ထောက်ခံချက်ရထားတဲ့ ပစ္စည်းအချို့ကိုလဲ စုစည်းဖော်ပြပေးလိုက်ပါတယ်။
* ELTA MD UV Clear Broad-Spectrun SPF 46
UV rays တွေကိုကာကွယ်ပေးရုံသာမက လိမ်းထားမှန်း မသိအောင် ပေါ့ပါးတဲ့ အထိတွေ့ကို ပေးပါတယ်။ Zinc-oxide ပါဝင်မှုမရှိပဲ ရေဓါတ် ဖြည့်ပေးပြီး ချွေးပေါက်တွေ မပိတ်စေပဲ အသားရည်ကို ဝင်းပစေတဲ့ အကျိုးကျေးဇူးတွေပါ ရရှိစေပါတယ်။
* Neutrogena Ultra Sheer Dry Touch Lotion SPF 55
ဒီ oil-free product ကတော့ ရေဓါတ်ပါဝင်မှုများပြီး SPF လဲ ၅၅ ထိ ပါဝင်တာမို့ ကိုယ့်အသားရည်ကို မထိခိုက်ပဲ UV rays တွေမှ အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ မျက်နှာ အဆီပြန်တဲ့သူတွေအတွက် အကောင်းဆုံး ဖြစ်ပါတယ်။
* Obagi Sun Shield Matte Broad Spectrum SPF 50
Skin Cancer Foundation တွေကတောင် အသုံးပြုရန် အကောင်းဆုံးပစ္စည်းလို့ တိုက်တွန်းထားပါတယ်။ mineral lotion ဖြစ်ပြီး make-up base အနေနဲ့ပါ အသုံးပြုလို့ရပါတယ်။
* Solid & Striped Shell Lip Balm SPF 45
သင့်မျက်နှာနဲ့ ခန္ဓာကိုယ် အတွက်ပဲ UV rays တွေကနေ ကာကွယ်လို့ မဖြစ်ဘူးနော်။ သင့်ရဲ့ နှုတ်ခမ်းတွေလဲ UV rays တွေရဲ့ အန္တရယ်ကနေ ကာကွယ်သင့်ပါတယ်။ ဒီ ပစ္စည်းကတော့ သင့်နှုတ်ခမ်းကို ကာကွယ်ပေးရုံသာမက cactus flower နဲ့ သဘာဝ ဂျင်စဥ်းတွေကြောင့် သင့်နှုတ်ခမ်းမှ cell တွေကို ပြန်လည် ဖွံ့ဖြိုးလာစေပြီး သဘာဝကျကျ ပြည့်ပြည့်ဖူးဖူး နဲ့ ပန်းနုရောင်သန်းနေတဲ့ နှုတ်ခမ်းလေးကို ပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်။
Chemical sunscreen တွေဖြစ်တဲ့ sun cream, sun spray အစရှိသည်တို့ကို မကြာခဏ အသုံးပြုရမှာ မကြိုက်တဲ့ သူတွေအတွက် physical sunscreen တွေကို အကျိုးရှိရှိ အသုံးချနည်းတွေကိုလဲ ပြောပြပေးသွားပါမယ်။ အထိခိုက် မခံတဲ့ အသားရည်ကို ပိုင်ဆိုင်ထားတဲ့ သူတွေအတွက်ကတော့ physical sunscreen တွေကို အသုံးပြုခြင်းက ပိုပြီး သင့်လျော်ပါတယ်။ ဒါပေမယ့် physical sunscreen တွေရဲ့ မကောင်းကျိုးတစ်ခုကတော့ သူတို့ဟာ အပူကို ထိန်းသိမ်းထားတဲ့ အတွက် chemical sunscreen တွေထက် ပိုပြီး လေးလံ ထိုင်းမှိုင်းတဲ့ ခံစားချက်မျိုး ရရှိစေပါတယ်။
နေကာမျက်မှန်၊ အကျီလက်ရှည် ဘောင်းဘီရှည်တွေဟာ သင့်ကို နေရောင်ခြည်ဒဏ်မှ ကာကွယ်ပေးတဲ့ထဲ ပါပါတယ်။ ဒီအရာတွေကိုလဲ ထိရောက်တဲ့ ကာကွယ်မှုမျိုး ဖြစ်အောင် နေကာမျက်မှန်တွေကို ရွေးချယ်တဲ့ အခါမှာ 100% UV protection ဖြစ်တဲ့ နေကာမျက်မှန်တွေကို ရွေးချယ်သင့်ပါတယ်။ အဝတ်စားတွေမှာလဲ မထူလွန်း မပါးလွန်းတဲ့ ပိတ်စနှင့် သဘာဝ ချည်ထည်တွေက သင့်ကို အထိရောက်ဆုံး ကာကွယ်ပေးပါတယ်။ အဝိုင်းပြားကြီးတဲ့ ဦးထုပ်မျိုးကို အသုံးပြုပါ။
သင့်ရဲ့ အရေပြားသာမက၊ မျက်လုံးတွေကိုလဲ နေရောင်မှ ကာကွယ်ပေးဖို့ လိုအပ်ပါတယ်။ UV rays တွေဟာ နေ့လည် ၁၁နာရီမှ ၃နာရီ အတွင်း အပြင်းထန်ဆုံး ဖြစ်လို့ ဒီအချိန်တွေမှာ အမိုးအကာအောက် မှာ နေတာ အကောင်းဆုံးပါပဲ။
Editor: Jeune