2018 ခုနှစ်က ရန်ကုန်မြို့၊ ဗိုလ်ကလေးဈေးလမ်းမှာ စည်စည်ကားကားနဲ့ Street Party ပုံစံလေး၊ အစားအသောက်တွေရယ်၊ ဂီတရယ်၊ အနုပညာရယ် စတာတွေနဲ့ ဆင်နွှဲခဲ့ကြတဲ့ Singapore Festival 2018 ကို မှတ်မိကြဦးမယ်ထင်ပါတယ်။ ဒီတစ်ကြိမ်မှာလည်း Singapore Festival 2020 ဟာ ၂၀၂၀ နှစ်သစ်မှာ ခံစားမှုအသစ်တို့နဲ့ထပ်ရောက်လာဦးမှာပါ။
Singapore Festival 2020 ကို လာမယ့် ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့နဲ့ ၂ ရက်နေ့တွေမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီတစ်ကြိမ်ပြုလုပ်သွားမယ့် နေရာနဲ့ပုံစံတွေက ထူးခြားမှုရှိနေပါတယ်။ ရန်ကုန်မြို့ပေါ်က ယဉ်ကျေးမှုသမိုင်းအနုပညာနယ်မြေတစ်ခုဖြစ်တဲ့ ချင်းချောင်းနန်းတော်မှာ ပြုလုပ်သွားမှာလည်းဖြစ်ပါတယ်။
ဒီပွဲကို Garden Party Theme အပြည့်အဝကိုခံစားရနိုင်စေဖို့ပြင်ဆင်ထားပြီး စင်္ကာပူနဲ့မြန်မာနိုင်ငံက ထိပ်တန်းစားဖိုမှူးတို့ရဲ့လက်ရာတွေ၊ အနုပညာဖန်တီးမှုလက်ရာပြသမှုတွေ၊ ဂီတခံစားမှုတွေ၊ မြန်မာနိုင်ငံနဲ့စင်္ကာပူနိုင်ငံက ဖက်ရှင်လက်ရာတွေ စတာတွေနဲ့ Picnic ထွက်ရသလိုပဲ လွတ်လပ်တဲ့ခံစားမှုကို ရနိုင်မှာဖြစ်ပါတယ်။
အနုပညာနယ်မြေတစ်ခုဖြစ်တဲ့ ချင်းချောင်းနန်းတော်မှာပြုလုပ်တဲ့ပွဲလေးဖြစ်တာကြောင့် ဒီပွဲအတွက်ကို မြန်မာနိုင်ငံသာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌါန၊ ရှေးဟောင်းသုတေသနဦးစီးဌါနနဲ့ အနုပညာကျောင်းတိုရဲ့ကူညီပံ့ပိုးမှုနဲ့ဆောင်ရွက်ထားတာဖြစ်ပါတယ်။ ဒီပွဲမှာ ပလပ်စတစ်အသုံးချမှုကို အနည်းဆုံးဖြစ်အောင် ကန့်သတ်ထားပြီး၊ ဆေးလိပ်သောက်ခြင်းကိုလည်း တားမြစ်ထားပါတယ်။ ပျော်စရာအချိန်ကို ဖန်တီးရင်း သဘာဝပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်နိုင်တယ်ဆိုတာကို ပြသဖို့ ရည်ရွယ်ချက်လည်းပါဝင်နေတာဖြစ်ပါတယ်။ ချင်းချောင်းနန်းတော်ရဲ့ အစဉ်အလာဂုဏ်မညှိုးနွမ်းစေဘဲ ခမ်းနားလှပမှုနဲ့ပွဲကို ဖန်တီးသွားမှာလည်းဖြစ်ပါတယ်။ ပြီးတော့ Tickets ကနေရရှိတဲ့ အမြတ်ငွေတွေကို အဆောက်အဦးထိန်းသိမ်းပြုပြင်ဖို့အတွက် လှူဒါန်းသွားမှာဖြစ်ပါတယ်။