အစားအသောက်ကိုကောင်းပေ့မှ…ရှားမှ စားတတ်တဲ့သူတွေကို ဘယ်လိုခေါ်ရမလဲ။ အလွယ်ပြောရရင် အစားကောင်းကြိုက်သူများပေါ့လေ…။
ဒီလိုအစားကောင်းကြိုက်တဲ့သူတွေ မြည်းစမ်းစားကြည့်သင့်တဲ့ ကမ္ဘာပေါ်ကရှားပါးဈေးကြီးတဲ့အစားအစာတွေ အများကြီးထဲကမှ တချို့ကို LUSHer လေးတို့လည်း မြည်းကြည့်လို့ရအောင် ကောက်နှုတ် ဖော်ပြပေးလိုက်ပါတယ်။ တချို့ဆို ငွေဘယ်လောက်ပေးပေး လိုချင်တိုင်းမရနိုင်တဲ့ ရှားပါးတဲ့ အစားအစာတွေတောင် ပါတယ်နော်။
Italian White Alba Truffle
Truffle အကြောင်းပြောရင် ပျိုတိုင်းကြိုက်တဲ့ Idol ကြီး G-Dragon ကတော့ပါကိုပါမှာပဲ။ ဘာလို့လည်းဆိုတော့ ဒီလိုဈေးကြီးတဲ့ Truffle တွေကို ကြက်ဥကြော်နဲ့တွဲစားတဲ့ ကမ္ဘာပေါ်ကရှားရှားပါးပါး Idol တစ်ယောက်မို့ပါနော်။ ကမ္ဘာပေါ်က ရှားပါး Truffle တွေထဲမှာ ဈေးအကြီးဆုံးနဲ့အရသာအကောင်းဆုံးကတော့ Italian White Alba Truffle ပါ။ အီတလီမြောက်ပိုင်း Alba ကထွက်တဲ့ ဒီ Truffle တွေရဲ့တန်ဖိုးက ဒေါ်လာ ၃၃၃,၀၀၀ ပါတဲ့နော်။ “မြေကြီးထဲက စိန်” လို့တောင်တင်စားရတဲ့ Truffle တွေကို ဥရောပဘက်မှာတော့ အမြတ်တနိုး သိမ်းဆည်းစားတတ်ကြပါတယ်။
Moose Cheese
ကမ္ဘာပေါ်က Cheese တွေထဲက ဈေးအကြီးဆုံးက Moose Cheese ပါ။ ဆွီဒင်ကထွက်တဲ့ ဒီ Moose Cheese ကို Moose Milk ကထုတ်လုပ်ပြီး အဖြူရောင်ပုံစံဖြစ်ပါတယ်။ နှစ်စဉ်အကန့်အသတ်နဲ့သာထုတ်လုပ်တဲ့ Cheese တစ်မျိုးဖြစ်ပြီး တစ်ကီလိုကို ဒေါ်လာ တစ်ထောင်ကျော်ရှိတာမို့ တကယ့်ကို ဈေးကြီးပေ့ Cheese ပါနော်။
Japanese Mattake Mushrooms
မှိုချစ်သူတွေကြိုက်တဲ့ မှိုတွေထဲက ဂျပန်နိုင်ငံတင်မကဘဲ ကမ္ဘာကျော်သွားတဲ့မှိုကတော့ Mattake သို့ Matsutake မှိုပါ။ Mattake ကရာသီအလိုက်သာထွက်ပြီး အခုအချိန်မှာအင်းဆက်တွေနဲ့ ထူထပ်လာတဲ့ သစ်ပင်တွေကြောင့် ဂျပန်နိုင်ငံမှာတောင်ပျောက်ကွယ်လုနီးပါးဖြစ်နေပါပြီ။ အာရှနဲ့ဥရောပဘက်မှာ Mattake မှိုမျိုးစိတ်တွေရှိပေမယ့် ဂျပန်နိုင်ငံက Mattake မှိုကတော့ အကောင်းဆုံးနဲ့ဈေးအကြီးဆုံးပါ။ တစ်ကီလိုဂရမ်ကို ဒေါ်လာ ၆၀၀ ကနေ ၂၀၀၀ အထိရှိပါတယ်။
White Pearl Albino Caviar
ဘဝမှာတစ်ခါလောက်တော့ စားဖူးချင်တဲ့အစားအစာတွေထဲမှာ Caviar လည်းပါပါတယ်။ G-Dragon က တကယ့်ဈေးကြီးပေ့အစားအစာတွေ ကြိုက်တဲ့နေရာမှာတော့ နာမည်ကြီးပဲနော်။ ခုနက Truffle ကိုကြက်ဥနဲ့တွဲစားသလို ၊ Caviar ကိုလည်း pancake နဲ့တွဲစားတတ်ပါတယ်တဲ့။ ပြည်ပမှာရောင်းချနေတဲ့ Caviar အမျိုးမျိုးရှိပြီး Caviar တွေရဲ့တန်ဖိုးက တစ်ကီလိုဂရမ်ကို အနည်းဆုံး ဒေါ်လာထောင်ကျော်ပါတယ်။ Albino Caviar ကတော့ ဒေါ်လာ ၉၀၀၀ ကျော်တန်ဖိုးရှိလို့ ကမ္ဘာ့ဈေးအကြီးဆုံးအစားအစာပါ။
Densuke Black Watermelon
ဒီတစ်ခါတော့ အသီးဘက်ကိုလှည့်ကြည့်ရအောင်။ လူတိုင်း ဖရဲသီးတော့ကြိုက်ကြတယ်ဟုတ်။ ဖရဲသီးမကြိုက်တဲ့သူ တော်တော်ရှားပါးတယ်ပြောရမယ်။ ဖရဲသီးတစ်လုံးရဲ့တန်ဖိုးကလည်း မြန်မာငွေနဲ့ဆို တစ်သောင်းအောက်မှာပဲ ရှိပါတယ်။ ဒါပေမဲ့ အခုပြောပြမယ့် ဖရဲသီးက မြန်မာငွေနဲ့ဆို ကိုးသိန်းကျော် တန်ဖိုးရှိတဲ့ တကယ့်ရှားရှားပါးပါးဂျပန်ဖရဲသီးပါ။ ဂျပန်နိုင်ငံ၊ Hokkaido ကျွန်းကထွက်တဲ့ ဒီ Densuke Black Watermelon က ကမ္ဘာပေါ်က ဈေးအကြီးဆုံးဖရဲသီးလို့လည်း သိကြပါတယ်။
ဒီလောက်ဆိုရင် LUSHer လေးတို့လည်း ဈေးကြီးပြီး ရှားရှားပါးပါးတွေ့ရတဲ့အစားအစာတွေအကြောင်း သိလည်းသိ…မြည်းလည်းမြည်းကြည့်ချင်လာပြီမို့လား။
Words by Lim